မင်းလှ ၁၀ ဖေဖော်ဝါရီ
၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့၊ အ.ထက မင်းလှ(မြို့တွင်း)ကျောင်း၌ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် မိန့်ခွန်းပြောပြိုင်ပွဲကိုဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းမော်ချိုက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲတွင် KG တန်းမှ (၃)ဦး၊ ပထမတန်းမှ (၅)ဦး၊ ဒုတိယတန်း(၇)ဦး စုစုပေါင်းကလေးငယ်(၁၅)ဦးတို့က မိမိနှစ်သက်ရာခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြပြီး၊ မိန့်ခွန်းပြောပြိုင်တွင် တတိယတန်းကလေးငယ်(၆) ဦးက နှစ်သက်ရာ ဗိုလ်ချုပ်မိန့်ခွန်းများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား ကျောင်းသူလေးများကို ကျောင်းအုပ်ဆရာမကြီးမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ