မန္တလေး ၁၀ ဖေဖော်ဝါရီ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ကားကြီးကွင်း မြောက်ဘက် ဆင်ဖြူရှင်လမ်းနှင့် လမ်းသွယ် ၁ လမ်း၌ လျှပ်စစ်ပစ္စည်းထားသည့် ဂိုဒေါင်တွင် တပ်ဆင်ထားသော မီတာပုံးမှ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ ယမန်နေ့ ည ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅၀၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၅၀ ၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ ရေသယ်ယာဉ် အစီး ၂၀ စီး၊ မီးငြှိမ်းသတ်ယာဉ် အစီး ၅၀ နှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၁၁ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သွပ်မိုးအုတ်ညှပ် ဂိုဒေါင်တစ်လုံး၊ ဂိုဒေါင်အတွင်းရှိ လျှပ်စစ်ပစ္စည်းများ၊ ဆိုင်ကယ် (၁၀)စီး၊ CANDA အမျိုးအစား (၆)ဘီး ယာဉ်(၁)စီး မီးလောင်ဆုံးရှုံးခဲ့ပြီး လျှပ်စစ်မီးအား ပေါ့ဆစွာ သုံးစွဲသူ မနိုင်နိုင်မော်အား ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)