ပုလဲ ၁၀ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၆၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း( Village Development Plan ) လုပ်ငန်းများကို ကျေးရွာ ၁၆ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပုလဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးက “၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ အိုင်းမ(တောင်)၊ တောင်ပျောက်၊ သစ်ကြီးတိုင်း၊ ညောင်ကုန်း၊ ပေပင်၊ လက်တောင်းကြီး၊ ဂျပ်၊ ကြိုပင်၊ ငှက်ပျောတော(တောင် )၊ အင်တိုင်းသာ၊ သာယာကုန်း၊ တောသာ၊ မောင်းတုံ၊ သီတင်း(အနောက်)၊ တုန်းကန်နှင့် ဆင်ရှင်ကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း၁၀၀နှုန်းဖြင့် ကျေးရွာ ၁၆ ရွာအတွက် ငွေကျပ်သိန်း ၁၆၀၀ကို ခွင့်ပြုချထားပေးခဲ့ပါတယ်။ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်း၍ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားများနှင့်အညီ ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ”ဟု ပြောကြားခဲ့သည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၆၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းခြင်းလုပ်ငန်းကို ဆင်ရှင်ကျေးရွာ၊ ငှက်ပျောတော(တောင်)ကျေးရွာ၊ သီတင်း(အနောက်)ကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် မောင်းတုံကျေးရွာများတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများသို့လည်း ကွင်းဆင်း၍ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)