နေပြည်တော် ၁၀ ဖေဖော်ဝါရီ
နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှုစစ်တမ်း (Nationwide Vaccine Coverage Evaluation Survey) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် Hotel Max နေပြည်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် အသက် (၅) နှစ်အောက်ကလေးများတွင် ကူးစက်ရောဂါများဖြစ်ပွား မှုလျော့နည်းစေရေးနှင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများကြောင့် ကလေးငယ်များသေဆုံးမှု လျှော့ချနိုင်ရေး အဓိကရည်မှန်းချက်များဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ရောဂါကာကွယ်ဆေး (၁၂) မျိုးကိုထိုးနှံတိုက်ကျွေးနိုင်ပြီဖြစ်ပြီးလာမည့် ဇူလှိုင် (သို့မဟုတ်) ဩဂုတ်အတွင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို (၁၃) ခုမြောက် ကာကွယ် ဆေးအဖြစ် ထည့်သွင်းထိုးနှံသွားနိုင်တော့မည်ဖြစ်ပါကြောင်း။
ထိုသို့ ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးနိုင်ရန်အတွက် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက် ဝန်ထမ်းများအားလုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၏ စနစ်တကျ ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုအားကောင်းစွာဖြင့် ကြိုးပမ်း ဆောင်ရွက်မှုများကြောင့်ဖြစ်ပါကြောင်း၊ ကလေးတစ်ဦးကိုကာကွယ်ဆေး (၁၂) မျိုး ထိုးနှံတိုက်ကျွေးရန်အတွက် အမေရိကန်ဒေါ်လာ (၄၀) ခန့် ကုန်ကျပြီးနိုင်ငံတော်မှ (၂၆) ရာခိုင်နှုန်းကျခံပြီး Gavi, the Vaccine Alliance အဖွဲ့မှ (၇၄) ရာခိုင်နှုန်းလှူဒါန်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
လာမည့် (၂၀၂၅) ခုနှစ်တွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် နိုင်ငံတော် မှ (၁၀ဝ) ရာခိုင်နှုန်းကျခံဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ရရှိသောဘဏ္ဍာငွေ များကို ထိရောက်အကျိုးရှိစွာအသုံးချဆောင်ရွက်နိုင်ရေးမှာအရေးကြီးပါကြောင်း၊ တိုးချဲ့ကာ ကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံမှုအားကောင်းစေရေးအတွက် စိန်ခေါ်မှုများ၊ အခက်အခဲ များ ဖော်ထုတ်ကာ ပိုမိုအောင်မြင်ထိရောက်စေရေးအတွက် နိုင်ငံတစ်ဝန်းကာကွယ် ဆေးထိုး နှံတိုက်ကျွေးခြင်း လွှမ်းခြုံမှုစစ်တမ်းသည် အရေးကြီးပါကြောင်း၊ အလားတူ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှုစစ်တမ်းမျိုးကို (၁၉၈၇) ခုနှစ်နှင့် (၁၉၉၃) ခုနှစ်တွင် ပြုလုပ်ခဲ့ပြီးအခြားစစ်တမ်းငယ် ပြုလုပ်မှုများလည်းရှိပါကြောင်း၊ စစ်တမ်အဖြေ များ၏ အသုံးဝင်မှုကောင်းမွန်စေရေးအတွက် စစ်တမ်းကောက်ယူသူ (surveyor) များနှင့် ချိတ်ဆက်ဆောင်ရွက်သူများ၏ အခန်းကဏ္ဍများသည် အရေးကြီးပါကြောင်း။
စစ်တမ်းအဖြေများကိုလက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မူဝါဒနှင့် မဟာဗျူဟာများချမှတ်ရာတွင်လည်းကောင်း အသုံးချဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ယခုသင်တန်းတက်ရောက်သူများအနေဖြင့်လည်း အပြန်အလှန်မေးမြန်းဆွေးနွေး မှုများကို ပြုလုပ်ကြစေလိုပါကြောင်း၊ စစ်တမ်းကောက်ယူရာတွင် ပါဝင်ခြင်းအားဖြင့် စစ်တမ်းကောက်ယူမှု အတွေ့အကြုံများစွာရရှိနိုင်မည်ဖြစ်ပြီး နောင်အခါဆောင်ရွက်မည့် စစ်တမ်းများ ကောက်ယူရာတွင် ပိုမိုကောင်းမွန်စွာပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းတာဝန်သတ်မှတ်ခွဲဝေမှုများသည် အရေးကြီးပါကြောင်း၊ စစ်တမ်းကောက်ယူမှုကြီးကြပ်သူများ အနေဖြင့်လည်း စတင်ကောက်ယူစဉ် ပထမပတ်နှင့်ဒုတိယပတ်တို့တွင် အတွေ့အကြုံဝေမျှဆွေးနွေးခြင်း များကိုပြုလုပ်စေလိုပါကြောင်း။
ပြည်သူများတွင် ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါများမဖြစ်ပွားစေရေး ဝိုင်းဝန်းဆောင်ရွက်နေသူများအားလုံးကို ကျေးဇူးတင်ရှိပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာထားထားလင်းက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှု စစ်တမ်းဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းပြောကြားသည်။
အဆိုပါ (၆) ရက်ကြာသင်တန်းတွင် စစ်တမ်းကောက်ယူမှုစာတွေ့သင်ကြားခြင်း အပြင် လက်တွေ့ကွင်းဆင်း စစ်တမ်းကောက်ယူလေ့ကျင့်ခြင်းတို့ကိုပါ ဆောင်ရွက် သွားမည် ဖြစ်သည်။ စစ်တမ်းကောက်ယူမှု လုပ်ငန်းများကို ဖေဖော်ဝါရီလကုန်ပိုင်းခန့်မှ စတင်၍ (၃) လတာကာလဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)