ရန်ကုန် ၁၀ ဖေဖော်ဝါရီ
သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမ၌ ကျင်းပသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ ဥက္ကဋ္ဌ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယက ဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာန၊ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ က သင်တန်းဆင်းသြဝါဒကထာ မိန့်ကြားရာတွင် -
ရပ်ကွက်/ ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယက ဆရာတော်များ၊ ဝိနည်းဓိုရ် ဆရာတော်များကို လုပ်ထုံးလုပ်နည်းများ၊ လက်စွဲများ၊ ညွှန်ကြားလွှာများနှင့် ဝိနည်းတရားတော် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ ကဏ္ဌိ၊ ဝိနိစ္ဆယများ၌အာရုံစိုက်ကာ ဤကိစ္စသည် ငါ့တို့ကိစ္စ၊ ဤအလုပ်သည် ငါ့တို့အလုပ်၊ ဤတာဝန်သည် ငါတို့တာဝန်ဟု စိတ်စွဲနေအောင် ကြံဆောင် ကြိုးကုတ်အားထုတ် ပို့ချတော်မူကြပါရန် လေးလေးနက်နက် တိုက်တွန်းပါကြောင်း။
အရှင်မြတ်တို့သည် မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိကြသည့်အခါ မိမိတို့က သင်တန်းနည်းပြ ဆရာများအဖြစ် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးတော်မူကြရာ၌ တပည့်တော်တို့ကို သင်တန်းတွင် ဤစာအုပ်တွေ မှာပါသည့်အတိုင်း ဖတ်ပြလိုက်တာပါပဲ၊ အရှင်ဘုရားတို့လည်း ဒီစာအုပ် တွေကိုပဲ ဖတ်ကြပါဟု ပေါ့ပေါ့တန်တန် မဖြစ်စေဘဲ သင်တန်းတက်ကြသည့် သံဃနာယကဆရာတော်များ၊ ဝိနည်းဓိုရ်ဆရာတော်များ စိတ်ပါဝင်စားမှု ရှိအောင် ရှင်းရှင်းလင်းလင်း သိရှိနားလည်အောင် ဤကိစ္စသည် ငါတို့ကိစ္စ၊ ငါတို့အလုပ်ဟု စိတ်ထဲမှာ စွဲသွားအောင် ကြိုးကြိုး စားစား သင်ကြားပို့ချ ပေးတော် မူကြစေလိုပါကြောင်း။
ခရီးလမ်းပန်းသွားလာမှုခက်ခဲခြင်း၊ နေရာဒေသဝေးကွာခြင်း၊ ဆွမ်းကွမ်း ကိစ္စခက်ခဲခြင်းစသော အကြောင်းများကြောင့် သံဃနာယကဆရာတော်များ ဝိနည်းဓိုရ် ဆရာတော်များကို သင်တန်းပို့ချရာ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်တစ်ဌာနထဲ စုံလင်အောင်မပင့်နိုင်ပါက သင့်လျော်မည့် သံဃနာယက ဆရာတော်များ၊ ဝိနည်းဓိုရ်ဆရာတော်များကို မိမိတို့က သင်တန်းများပို့ချ ပေးပြီး ထိုဆရာတော်များကို တစ်ဆင့် ကြွရောက်စေ၍ အုပ်စုအလိုက် ဆင့်ပွားသင်တန်းများ ပို့ချစေခြင်းဖြင့် သံဃနာယက ဆရာတော်များ အားလုံး သင်တန်းတက်ရောက် သင်ယူလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်တော်မူကြ စေလိုပါကြောင်း၊ လိုအပ်ပါက အာဏာပိုင် အဖွဲ့အစည်းများထံမှ အကူအညီတောင်းခံ၍ သံဃနာယကဆရာတော်များ၊ ဝိနည်းဓိုရ်ဆရာတော်များ အကြွင်းအကျန်မရှိ သင်တန်းတက်ရောက် သင်ယူလေ့လာနိုင်ရန် တစ်နည်းနည်းဖြင့် စီစဉ်ဆောင်ရွက်သင့်ပါကြောင်း။
သံဃနာယကဆရာတော်များအားလုံး ဝိနည်းဓိုရ်ဆရာတော်များအားလုံး သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ် ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လက်စွဲစာအုပ်များ၊ ညွှန်ကြားလွှာများနှင့်တကွ ဝိနည်းဒေသနာတော်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ ဂဏ္ဌိ၊ ဝိနိစ္ဆယစသည်များကို ကျေပွန်စွာ လေ့လာတော်မူကြ၍ အရည်အချင်းပြည့်ဝကြမှသာ သာသနာ့ကိစ္စဟူသမျှတို့ကို ဓမ္မဝိနယနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ကြမည် ဖြစ်ပါကြောင်း၊ ဤသို့ သာသနာ့ကိစ္စ ဟူသမျှတို့ကို ဓမ္မဝိနယနှင့်အညီ ဖြေရှင်း ဆောင်ရွက်နိုင်ကြမှ သာသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး တိုးတက်ရန်ဟူသော သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် အောင်မြင်နိုင် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် ပါဝင်ကြသော ဆရာတော်များအားလုံး ဝိနည်း ဒေသနာတော်နှင့်တကွ လုပ်ထုံးလုပ်နည်းစသည်တို့ကို ကျေပွန်စွာလေ့လာကြ၍ သာသနာ့ကိစ္စ ဟူသမျှတို့ကို ဓမ္မဝိနယနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်သော အရည်အချင်း ပြည့်ဝသည့် သာသနာပြု ဘုရားသားတော်များဖြစ်အောင် သာသနာပြု စိတ်ဓာတ် အပြည့်အဝဖြင့် တက်တက်ကြွကြွ အားထုတ်တော်မူကြပါဟု လေးနက်စွာ တိုက်တွန်းပါကြောင်း မိန့်ကြားသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော် ဆရာတော်ကြီး အမှူးပြုသည့် မဟာနာယကဆရာတော်ကြီးများက နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယက ဆရာတော်ကြီးများထံ သင်တန်းဆင်းလက်မှတ်များ ဆက်ကပ်တော်မူသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်