နေပြည်တော် ၁၁ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာနှင့် Wave Plus သောက်ရေသန့်တို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက်(၁၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ၅ ကီလိုမီတာ ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပွဲတော်ကွင်းရှေ့၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Wave Plus သောက်ရေသန့်မှ ဒါရိုက်တာဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်(၈)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၅)နှစ်အောက်ကျောင်းသား ကျောင်းသူများနှင့် ဆရာ /ဆရာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က သေနတ် ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ရာ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပွဲတော်ကွင်းရှေ့မှ စတင်တာထွက်ကာ ရာဇဌာနီလမ်းမကြီးအတိုင်း နေပြည်တော် ကောင်စီဝင်းလမ်းဆုံမှ ပြည်လှည့်၍ စတင်တာထွက်သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပွဲတော်ကွင်းသို့ ပြန်လည်ပန်းဝင်ခဲ့ကြသည်။

ထို့နောက် အမျိုးသား ၅ ကီလိုမီတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ကျောင်းသား များအား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီး ၅ ကီလိုမီတာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသောကျောင်းသူများအား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အသက်(၁၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ၅ ကီလိုမီတာပြိုင်ပွဲတွင် အဆင့် (၄)မှ အဆင့် (၁၀)အထိ ပန်းဝင်ခဲ့သောကျောင်းသား ကျောင်းသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် Wave Plus သောက်ရေသန့်မှ ဒါရိုက်တာ ဦးသန်းစိုးတို့က ဆုများပေးအပ် ချီးမြှင့်ခဲ့ကြပြီး အဆင့်(၁၁)မှ အဆင့်(၂၅၀)အတွင်းပန်းဝင်ခဲ့သော ကျောင်းသား ကျောင်းသူများအား တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်(၈)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၅) နှစ်အောက် ကျောင်းသား ၁၁၀ဝ၊ ကျောင်းသူ ၇၀ဝ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၈၀ဝ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
