ဒီးမော့ဆို ၁၁ ဖေဖော်ဝါရီ         

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တောင်သူများ စိုက်ပျိုးသော သီးနှံများ လွယ်ကူစွာ သယ်ယူနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေ ကျပ် ၈၀၂ ဒသမ ၂၉၄၆ သန်းဖြင့် ကျေးရွာ ငါးရွာတွင် လယ်ယာကုန်ထုတ်လမ်း ၅ လမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေဖြင့် ဒီးမော့ဆိုမြို့နယ် အို့ခူရီ၊ ဒေါငံခါး၊ ဘိုးလျား၊ ယူဆမိုဆိုနှင့် ဒေါတမကြီး ကျေးရွာတို့တွင် လယ်ယာကုန် ထုတ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အို့ခူရီကျေးရွာတွင် ရန်ပုံငွေကျပ် ၃၁ ဒသမ ၉၀၁ သန်းဖြင့် လမ်းအရှည် ၆ ဒသမ ဝ၆ ဖာလုံအား မြေသား ၁ ပေ ဖို့ခြင်း၊ သဲကျောက် ၉ လက်မခင်းခြင်းနှင့် Pipe Culvert တံတား ၆ စင်း တည်ဆောက်ခြင်း၊ ဒေါငံခါးကျေးရွာတွင် ရန်ပုံငွေကျပ် ၇၂ ဒသမ ၄၂၄ သန်းဖြင့် လမ်းအရှည် ၅ ဒသမ ၂၂ ဖာလုံအား မြေသား ၂ ပေ ဖို့ခြင်း၊ သဲကျောက် ၉ လက်မ ခင်းခြင်းနှင့် ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်း၊ ဘိုးလျားကျေးရွာတွင် ရန်ပုံငွေကျပ် ၁၅၇ ဒသမ ၃၂၃၆ သန်းဖြင့် လမ်းအရှည် ၂ မိုင် ၃ ဒသမ ၅ ဖာလုံအား မြေသား ၂ ပေ ဖို့ခြင်း၊ သဲကျောက် ၉ လက်မခင်းခြင်း၊ ကွန်ကရစ်တံတား တစ်စင်း၊ ရေကျော် တစ်စင်းနှင့် Pipe Culvert တံတား ၃ စင်း တည်ဆောက်ခြင်း၊ ယူဆမိုဆိုကျေးရွာတွင် ရန်ပုံငွေကျပ် ၁၁၁ ဒသမ ၂ သန်းဖြင့် လမ်းအရှည် ၁ မိုင် ၄ ဒသမ ၂ ဖာလုံအား မြေသား ၂ ပေ ဖို့ခြင်း၊ သဲကျောက် ၉ လက်မခင်းခြင်းနှင့် ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်းများ ပါဝင်ကြောင်း သိရသည်။

           

ဒေါတမကြီးကျေးရွာ လယ်ယာကုန်ထုတ်လမ်းသည် အရှည် ၆ မိုင် ဝ ဒသမ ၆၃ ဖာလုံ ရှိပြီး အဆိုပါလမ်းအား အပိုင်းနှစ်ပိုင်းခွဲ၍ လုပ်ငန်းဆောင်ရွက်လျက်ရှိရာ အပိုင်း(၁)တွင် ရန်ပုံငွေကျပ် ၂၃၉ ဒသမ ၄၆၆ သန်းဖြင့် လမ်းအရှည် ၃ မိုင် ၂ ဒသမ ၆၁ ဖာလုံအား မြေသား ၂ ပေ ဖို့ခြင်း၊ သဲကျောက် ၉ လက်မ ခင်းခြင်း၊ လမ်းပေါ်ရှိ ကျောက်များအား မိုင်းခွဲခြင်း၊ Box Culvert တံတား ၄ စင်းနှင့် Pipe Culvert တံတား ၃ စင်း တည်ဆောက်ခြင်း၊ အပိုင်း(၂) တွင် ရန်ပုံငွေကျပ် ၁၈၉ ဒသမ ၉၈ သန်းဖြင့် လမ်းအရှည် ၂ မိုင် ၆ ဒသမ ဝ၂ ဖာလုံအား မြေသား ၂ ပေ ဖို့ခြင်း၊ သဲကျောက် ၉ လက်မ ခင်းခြင်း၊ ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert တံတား ၄ စင်းနှင့် Pipe Culvert တံတား ၁ စင်း တည်ဆောက်ခြင်းများ ပါဝင်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ရီရယ်(ဒီးမော့ဆို)