သာစည် ၁၁  ဖေဖော်ဝါရီ

 

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နေပြည်တော် - ပင်လုံခရီးစဉ် ငြိမ်းချမ်းရေး စုပေါင်းစက်ဘီးစီးအဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက်နံနက် ၇ နာရီတွင် သာစည်မြို့ ဗိုလ်ချုပ်ကြေးရုပ်သို့ ရောက်ရှိလာရာ  မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မြို့နယ်အတွင်းမှ စက်ဘီးစီး ဝါသနာရှင်များက ကြိုဆိုခဲ့ကြပြီး   ရေသန့်များ၊ အချိုရည်များနှင့် သီးနှံအာဟာရများ ဧည့်ခံကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

  

အဆိုပါစက်ဘီးစီးအဖွဲ့တွင် စက်ဘီးစီနင်းသူ ၂၁၀ ပါရှိပြီး အမျိုးသမီး ၂၀ ကျော် ပါဝင်ကြောင်းနှင့် ထိုအဖွဲ့ကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်    ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးသူရအောင်တို့က ဦးဆောင်ကြောင်း  မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်ထံမှ သိရသည်။   

 

အဆိုပါအဖွဲ့သည် ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် ခေတ္တခဏ အနားယူကြပြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အမှတ်တရ ဓာတ်ပုံများရိုက်ကာ  ဆက်လက်ထွက်ခွာသွားကြကြောင်း သိရသည်။

                                                                      

ထွန်းထွန်း(သာစည်)