ကျောက်တံခါး ၁၁ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဆေးရောင်းချခွင့်လိုင်စင်များ ထုတ်ပေးခြင်းနှင့် ကျန်းမာရေးအကြောင်း သိကောင်းစရာများ ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်လွင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ (2019-nCoV) ကို မိမိမှစ၍ ကာကွယ်ရန်နှင့် ရောဂါကူးစက်နိုင်ခြေရှိသည့် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက် ကူးစက်ပျံ့နှံခြင်း အရာဝတ္ထုများနှင့် ထိကပ်နေသော ရောဂါပိုးမွှားများအား လက်နှင့်ကိုင်တွယ် ထိတွေ့ရာမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည့်အတွက် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ပြသရန်နှင့် ရောဂါပိုး ကူးစက်မခံရနိုင်ရေးကို ကာကွယ်မှု နည်းလမ်းများအတိုင်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်အတွင်း တရားဝင် ဆေးရောင်းချခွင့် လိုင်စင်လျှောက်ထားသူ စုစုပေါင်း (၈၂) ဦး အနက် (၇၇) ဦးတို့အား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီမှ စီစစ်ကာ လိုင်စင်များ ထုတ်ပေးခဲ့ပြီး ဆေးရောင်းချခွင့်လိုင်စင် ရရှိသူများသည် သတ်မှတ် စည်းကမ်းချက်များ အတိုင်း အလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးပိုစတာများနှင့် ဆေးရောင်းချခွင့် လိုင်စင်တို့အား အများမြင်သာသော နေရာတွင် ကပ်ထားရန်နှင့် ဆေးဝါးရောင်းချခွင့် လိုင်စင်မရှိဘဲ ဆေးဝါးများ ရောင်းချနေသည့် ဆေးဆိုင်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာသူများအား ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)
