ကော့သောင်း ၁၁ ဖေဖော်ဝါရီ
မြန်မာပြည်တောင်ဘက်စွန်း ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာနေမှုနှင့်အတူ နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ထွက်လည်ပတ်လျှက်ရှိရာ ကော့သောင်းမြို့တွင်းလမ်းများ မြို့တော်အင်္ဂါရပ်နှင့်အညီ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများအား မြို့နယ်လမ်းဦးစီးဌာနမှ ဖေဖေါ်ဝါရီလ ပထမပတ်တွင် စတင်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ကော့သောင်းမြို့တွင်းလမ်းများသည် ယခင် ၁၉၉၂ ခုနှစ် ကတည်းက မြန်မာနိုင်ငံ အတွင်းရှိ နယ်မြို့များတွင် ပထမဦးဆုံး ထိုင်းနိုင်ငံ၏ နည်းပညာဖြင့် အေစီနိုင်လွန်ကတ္တရာ ခင်းလမ်းများအဖြစ် အများပြည်သူ အသုံးပြုခဲ့ကြသည့် မြို့တစ်မြို့ဖြစ်ပြီး ၂၀၁၇ခုနှစ် ၊ နိုဝင်ဘာလ အတွင်းက ကော့သောင်းမြို့ ကမ်းနားလမ်း မြို့မဘောတံတားထိပ်မှ စတင်ကာ ပြည်ထောင်စုလမ်းမကြီးအား လမ်းဦးစီးဌာန၊ မြန်မာအင်ဂျင်နီယာများက လမ်းပျမ်းမျှ ၂၄ပေ အကျယ် အေစီနိုင်လွန်ကတ္တရာ နည်းပညာ ဖြင့် ထပ်မံဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ယခုတစ်ဖန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကော့သောင်းမြို့တွင်း ပိတောက်ရွှေဝါ၊ ရွှေဟင်္သာ၊ ရွှေဇင်ယော်၊ အေးရိပ်ငြိမ် နှင့်ရွှေပြည်သာရပ်ကွက် (၅)ခုအားဖြတ်သန်းသည့် ယာဉ်အသွားအလာများပြားရာ အရှည် (၄.၅)ကီလိုမီတာရှိ မြရည်ပုလဲလမ်းအား မြို့တော်အင်္ဂါရပ်နှင့်အညီ အေစီနိုင်လွန်ကတ္တရာ နည်းပညာဖြင့် ကော့သောင်းမြို့နယ်၊ လမ်းဦးစီးဌာနမှ ထပ်မံဆောင်ရွက်ခြင်းဖြစ်ပြီး လာမည့် ၂၀၂၀ပြည့်နှစ်၊ မတ်လ ပထမအပတ်အတွင်း လုပ်ငန်းအားလုံးပြီးစီးနိုင်ရန် မျှော်လင့်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
ကျော်စိုး (ကော့သောင်း)
