နေပြည်တော် ၁၁ ဖေဖော်ဝါရီ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်နှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပုသိမ်ဒေသရှိ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များနှင့် မန်နေဂျာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မိမိတို့ဒေသတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားစွာ လာရောက်လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသများ ပိုမိုဖွံဖြိုးများပြားအောင် ဖော်ထုတ်ကြစေလိုကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ တာဝန်ယူမှုရှိသော သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းဖြစ်စေရေးအတွက် ရှေ့ရှုဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် ကော်မတီများကို လိုအပ်သလို အဆင့်ဆင့်ဖွဲ့စည်းရန် လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း ပုသိမ်ဒေသတွင် လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်အောင်ကြိုး စားကြစေလိုကြောင်း။
ကမ်းခြေဒေသများသို့ နိုင်ငံခြားသားခရီးသွားများ ပိုမိုလာရောက်အောင် မည်သည့်ဆွဲဆောင်ဆောင်ရွက်မည်ကို နည်းလမ်းရှာဖွေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ်းခြေသဘာဝပတ်ဝန်းကျင် မပျက်စီးဘဲ လက်ရှိအနေအထားအတိုင်း ထိန်းသိမ်းထားနိုင်အောင် ချမှတ်ထားသည့် လမ်းညွှန်ချက်များဖြစ်သည့် ကမ်းခြေအမှိုက်သိမ်းစနစ်ထားရှိရေး၊ တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး၊ ဟိုတယ်/တည်းခိုခန်းများမှ ရေဆိုးများ ပင်လယ်တွင်းမရောက်အောင် ထိန်းသိမ်းရေးကို အားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုနှင့် အခက်အခဲများကို ဝန်ကြီးဌာနအနေဖြင့် မည်သို့ကူညီဆောင်ရွက်မှုပေးနိုင်မည်ကို သိရှိနိုင်ရန် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းလိုင်စင်ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ ကမ်းခြေသန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ဟိုတယ်များတွင် ယစ်မျိုးလိုင်စင်ချထားပေးရေး ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ခရီးစဉ်သစ် ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ချောင်းသာကမ်းခြေဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များနှင့် Golden Beach Hotel ၌ တွေ့ဆုံဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ညနေပိုင်းတွင် ငွေဆောင်ကမ်းခြေဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
သတင်းစဉ်