နေပြည်တော် ၁၁ ဖေဖော်ဝါရီ
2019 Novel Coronavirus ကြောင့် ဖြစ်ပွားသောလတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၀) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယခုဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (2019-nCoV acute respiratory disease) ဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဆက်လက်မြင့်မားလျက်ရှိပြီး (epicenter) ဖြစ်သော ဝူဟန်မြို့တွင် ကူးစက်ပျံ့ပွားမှုနှင့် သေဆုံးမှုသည် အဓိက ဆက်လက်ဖြစ်ပွားနေကြောင်း။
မြန်မာနိုင်ငံ၌ သံသယလူနာနှင့် စောင့်ကြည့်လူနာများ၌ 2019 Novel Coronavirus ရောဂါပိုးမတွေ့ရှိရသေးသော်လည်း ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို လုံးဝအရှိန်မလျော့ဘဲ ဆက်လက်လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အဖွဲ့အစည်းများ၏ အသေးစိတ်ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်သည့် အခါ၌ ကျေနပ်မှုများစွာ ရှိပါကြောင်း၊ ဤကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများသည် မိမိတို့ ကျန်းမာရေးနယ်ပယ် တိုးတက်ရန်အတွက် အလွန်ကောင်းသော လက္ခဏာဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း လုပ်ဆောင်ကြစေလိုပါကြောင်း။
ယခုအချိန်၌ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်မှု၏ အတိုင်းအတာမှာပြည်သူများ၏ ပါဝင်မှုအတိုင်းအတာနှင့် တိုက်ရိုက်အချိုးကျ မူတည်နေသဖြင့် ပြည်သူများကိုမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီပေးအပ်ရန် မိမိတို့ဝန်ကြီးအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
လေကြောင်းခရီးမှ ဝင်ရောက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများအား လေ့လာကြည့်သောအခါ ၎င်းတို့အများစုသည် မူလကတည်းက ငှားရမ်းထားသော နေအိမ်တိုက်ခန်းများတွင်သာ သွားရောက်နေထိုင်ကြသည်ကို သိရှိရသဖြင့် ၎င်းတို့နေထိုင်ရာရပ်ကွက်များ၌ ကျန်းမာရေးအသိပညာပေးမှုများ၊ အသိပေးနှိုးဆော်မှုများကို ဦးတည်ဦးစားပေး၍ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
နေရပ်ပြန်နိုင်ငံသားများသာမက နိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးဖြစ်သော ဧည့်သည်နိုင်ငံခြားသားများ၏ တည်းခိုနေထိုင်မှုအခြေအနေများ၊ အထူးသဖြင့် ၎င်းတို့နေထိုင်လေ့ရှိသည့် ရပ်ကွက်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ကာလိုအပ်သော ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုပါကြောင်း။
စက်ရုံ၊ အလုပ်ရုံများ၌လည်း လူစုလူဝေးအဖြစ် အလုပ်လုပ်ကိုင်သည့်အတွက် လည်းကောင်း၊ အခြားနိုင်ငံမှ လာရောက်၍ လုပ်ကိုင်နေသော နိုင်ငံခြားသားဝန်ထမ်းများရှိသဖြင့် လည်းကောင်း ထိုနေရာများကိုလည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မျက်ခြေမပြတ် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၌ လုပ်ကိုင်နေသော အခြေခံကျန်းမာရေးပညာရှင်များဖြစ်သော ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)၊ သားဖွားဆရာမများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု ထောက်လှမ်းသည့်နေရာများ၌ လုပ်ကိုင်လျက်ရှိသော တာဝန်ခံများအား (၇)လက်မ Mobile Tablet ဖုန်း (၂၃၉)လုံးနှင့် ၎င်းမြို့နယ်၌ရှိသော တိုက်နယ်ဆရာဝန်နှင့် မြို့နယ်ဆရာဝန်တို့အား (၈)လက်မ Mobile Tablet ဖုန်းများကိုဗဟိုမှ သက်ဆိုင်ရာပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများသို့ ယနေ့တွင်ပင် ဖြန့်ဝေရန် စီစဉ်ပြီးဖြစ်ပါကြောင်း။
ထိုသို့ချက်ချင်းဖြန့်ဝေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဤရောဂါနှင့်ပတ်သက်သော အကြောင်းအရာများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စသည်တို့နှင့်ပတ်သက်၍ ကျန်းမာရေးစကားဝိုင်းငယ်လေးများ နေရာအနှံ့အပြားပြုလုပ်စေလို၍ ဖြစ်ပါကြောင်း၊ အဆိုပါ Mobile Tablet များတွင် ဤရောဂါနှင့် ပတ်သက်၍ ထုတ်ဝေထားသော (၂၂)မျိုးသော ကျန်းမာရေးပိုစတာနှင့် လက်ကမ်းစာစောင်များနှင့် လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများကိုလည်း ထည့်သွင်းထားပြီးဖြစ် ပါကြောင်း၊သီးခြားထားရှိကုသခြင်းနှင့် အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၏ အရေးကြီးမှုကို ပြည်သူများသေချာစွာ သိရှိနားလည်ရန်မှာ အရေးကြီးပါကြောင်း။
ထိုသို့ရောဂါဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှုခြင်းခံရသူတွင် အကယ်၍ 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါကချက်ချင်းကုသမှု ပေးနိုင်သည့်အတွက် ရောဂါပြင်းထန်သေဆုံးနိုင်ခြေ နည်းပါးသည့်အပြင် ၎င်းမှတစ်ဆင့် အတူနေထိုင်သော မိသားစုများနှင့် မိတ်ဆွေများထံသို့ ကူးစက်မှုမဖြစ်ပွားနိုင်တော့သဖြင့် အားလုံးအတွက် အကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ ကုသမှုပိုင်းဆိုင်ရာ၌ စနစ်ကျ၍ ပိုမိုထိရောက်နိုင်စေရန်အတွက် clinical management ကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။
လေဆိပ်ဝင်ပေါက်မှ ဝင်ရောက်သူများမှာ အရေအတွက်နည်းပါးလာသည်ကို တွေ့ရှိရပါကြောင်း၊ တရားဝင်နှင့် တရားမဝင် နယ်စပ်ဝင်/ထွက်ပေါက် ကုန်းလမ်းများမှ ဝင်ရောက်လာသူများကို အထူးဦးစားပေး၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်ရမည် ဖြစ်ပါကြောင်း။
ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် သံသယလူနာများအား စောစီးစွာထောက်လှမ်းခြင်း (Early case detection)သည် အရေးကြီးသည့်အတွက် သံသယလူနာတွေ့ရှိပါက ပြည်သူများ၏ သတင်းပေးပို့မှုသည် လွန်စွာအရေးကြီးပါကြောင်း၊ အကျဉ်းထောင်များ၏ အချုပ်သား၊ အကျဉ်းသား အသစ်များတွင် ဖျားနာလူနာပါရှိပါက (၁၄)ရက် သီးခြားထားရှိ ကုသရေးညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်များ၊ ကျေးလက်ဒေသများတွင် ပြည်သူ (၁၀)ခန့်စီအား ကျန်းမာရေးအသိပညာပေးဟောပြောမှု (Health Talk) စကားဝိုင်းငယ်များကို ပိုမိုအရေးပေး ဆောင်ရွက်သွားစေလိုပါကြောင်း၊ အထူးသဖြင့် ကျောင်းများ၊ စေတီဘုရားများ၊ ဈေး၊ စက်ရုံနှင့် လူစည်ကားသောနေရာများတွင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့်အတွက် အားရကျေနပ်ပါကြောင်းနှင့် ယခုဖြစ်စဉ် ပြီးဆုံးသည် အထိအရှိန်အဟုန် မလျှော့ဘဲဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်မှ နောက်ဆုံးထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေ၊ ဆက်လက်တိုးတက်နေသော case အရေအတွက်နှင့် မြန်မာနိုင်ငံအတွင်းရှိ သံသယလူနာ(၁)ဦးနှင့် စောင့်ကြည့် လူနာ (၁၉)ဦးတို့၏ အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ၊ ဓာတ်ခွဲနမူနာများအား လေကြောင်းလိုင်းများဖြင့် ချိတ်ဆက်ပို့ဆောင်မှုနှင့် ဂျပန်နိုင်ငံနှင့် US CDC တို့မှ ရောက်ရှိလာမည့် 2019 Novel Coronavirus ဓာတ်ခွဲစမ်းသပ်မှုပစ္စည်းများ၏ အခြေအနေအားရှင်း လင်းတင်ပြခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များအား တင်ပြခြင်း၊ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃)ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၈)ခုမှ မြို့နယ် (၂၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် (၂၇)ခုတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုသည့် အခြေအနေနှင့် သံသယလူနာ/ စောင့်ကြည့်လူနာ မတွေ့ရှိရခြင်း၊ တရားဝင် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များတွင် ခရီးသွားများအား သေချာစွာစိစစ်နိုင်ရေး ဆက်လက်လုပ်ဆောင်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေအားတင်ပြခြင်း။
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သတင်းပေးပို့ချက်များကို MoHS Dashboard ပေါ်တွင် အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင်ရန်စီစဉ်ထားခြင်း၊ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များရှိသည့် Fever Surveillance Points များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ရှိသော ကျေးလက်ကျန်းမာရေးဌာနများတွင် Tablet များဖြန့်ဝေကာ အရေးကြီးသတင်းများအား အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်စီစဉ် ထားရှိခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်ဝင်ခွင့်ဗီဇာများ (E Visa) ထုတ်ပေးရာ၌ ကျန်းမာရေးစစ်ဆေးထားသော ဆေးလက်မှတ် (Medical Certificate) များပူးတွဲ၍ လျှောက်ထားစေရန် စီစဉ်ဆောင်ရွက်ထားရှိမှုအား တင်ပြခြင်း၊ နိုင်ငံပိုင်သတင်းဌာနများနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများအား စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများတင်ပြခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားပညာသင် (၅၉) ဦး၏ ကျန်းမာရေးအခြေအနေသည် (ယနေ့၊ နံနက်ပိုင်းစစ်ဆေးချက်များ အရ) ကောင်းမွန်လျက် ရှိကြောင်းတင်ပြခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေနှင့် PPE များ၊ Thermal scanများ၊ Ventilator များအား ထပ်မံဖြည့်တင်း ဝယ်ယူနိုင်ရေး နိုင်ငံတော်အရေးပေါ်ရံပုံငွေဖြင့် ဝယ်ယူရန် စီစဉ်မှုအခြေအနေအား တင်ပြခြင်း၊ ကုသရေးဉီးစီးဌာနမှ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ချိတ်ဆက်ဆောင်ရွက်မည့် တာချီလိတ်၊ ကျိုင်းတုံ၊ မူဆယ်၊ မြဝတီနှင့် မြစ်ကြီးနားပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေ အနေများအားတင်ပြခြင်း၊ Emergency Operations Centre (EOC) Hot Line Service ကို ၂၄ နာရီပိတ်ရက်မရှိ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေ စသည်တို့ အပါအဝင် နောက်ဆုံးသတင်း အချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ဆေးရုံအုပ်ကြီး (ကျွမ်းကျင်သူ)၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်