နေပြည်တော် ၁၁ ဖေဖော်ဝါရီ 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် စင်ကာပူနိုင်ငံတရားသူကြီးချုပ် Mr. Sundaresh Menon၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး Mr. John Nielsen နှင့် Max Planck and the Chubb Rule of Law Fund မှ Managing Director and Head of South and Aisa Operations, Mr. Johannes Krusemark-Camin တို့အား ယနေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

စင်ကာပူနိုင်ငံတရားသူကြီးချုပ် Mr. Sundaresh Menon နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများနှင့် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အာဆီယံဥပဒေပညာရှင်များ အသင်းနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ အာဆီယံဥပဒေပညာရှင်များ အသင်း၏ ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံတွင်  ၂၀၂၀ ပြည့်နှစ်၊ မတ်လ၌ လက်ခံကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိများ အစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေပြင်ဆင်မှု၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ နည်းဥပဒေရေးဆွဲ ပြီးစီးမှုနှင့် စပ်လျဉ်းသည့်ကိစ္စ၊ စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကဏ္ဍများတွင် တရားမျှတမှု လက်လှမ်းမီရေးဆိုင်ရာကိစ္စများနှင့် အာဆီယံရှေ့နေများကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးသည်။ 

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး Mr. John Nielsen နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

Max Planck and the Chubb Rule of Law Fund မှ Mr. Johannes Krusemark-Camin နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် Max Planck တို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်