၁၁ ဖေဖော်ဝါရီ
၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၁)ကို ယနေ့ နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပရာ ဇယားထိပ်ပိုင်းမှ VUC နှင့် MIU အသင်း နိုင်ပွဲဆက်ခဲ့ပြီး ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည်။
ပွဲစဉ် (၂၁) တွင် MFF ယူ-၁၉ အသင်းက လက်ဝဲသုန္ဒရအသင်းကို ၁၀ ဂိုး-လေးဂိုး၊ MIU အသင်းက GV အသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ Do Do Ko Ko အသင်းက AMM Brothers အသင်းကို လေးဂိုး-သုံးဂိုး၊ မြို့မ JY အသင်းက ဖူဆယ်ချစ်သူအသင်းကို သုံးဂိုး-နှစ်ဂိုး၊ On Doctor အသင်းက Dream Team ကို သုံးဂိုး-တစ်ဂိုး၊ VUC အသင်းက Winner အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲသာကျန်တော့ပြီး VUC နှင့် MIU အသင်းမှာလည်း နိုင်ပွဲကိုယ်စီရခဲ့သောကြောင့် ၆၁ မှတ်စီဖြင့် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည်။ နောက်ဆုံးပွဲတွင် ယင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံနေရာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်နေပြီး ဂိုးကွာခြားချက်တွင်မူ VUC အသင်းက အသာရနေသည်။
ပွဲစဉ် (၂၁) အပြီးတွင် VUC နှင့် MIU အသင်းတို့နောက်၌ GV အသင်းက ၅၁ မှတ်၊ On Doctor အသင်းက ၃၆ မှတ်၊ Winner အသင်းနှင့် မြို့မ JY အသင်းတို့က ရမှတ် ၃၀ စီ၊ MFF ယူ-၁၉ အသင်းက ၂၈ မှတ်၊ Do Do Ko Ko အသင်းက ၂၆ မှတ်၊ Dream Team က ၂၂ မှတ်၊ AMM Brothers အသင်းက ၁၁ မှတ်၊ ဖူဆယ်ချစ်သူအသင်းက ခုနစ်မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်ရရှိထားသည်။ ဖူဆယ်လိဂ် နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း