ရန်ကုန် ၁၁ ဖေဖော်ဝါရီ
၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု(F) ပထမနေ့အဖြစ် မြန်မာကလပ် ရန်ကုန်အသင်းနှင့် ဗီယက်နမ်ကလပ် ဟိုချီမင်း စီးတီးအသင်းတို့ ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးစီသရေကျခဲ့သည်။
ရန်ကုန်အသင်းသည် အိမ်ကွင်း၌ကစားရသော်လည်း ဟိုချီမင်းစီးတီးအသင်းကို သရေသာကစားနိုင်ခဲ့သည်။ ဗီယက်နမ် လက်ရွေးစင်ကစားသမားများအပြင် နိုင်ငံခြားသား ကစားသမားများလည်း ပါဝင်လာသည့် ဟိုချီမင်းစီးတီးအသင်းသည် ရန်ကုန်အသင်းကို အပြန်အလှန် ကစားနိုင်ခဲ့ပြီး သရေတစ်မှတ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲမှာ ဗီယက်နမ်နိုင်ငံ၌ စတင်ကစားရမည့် ပွဲဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်အသင်းက အိမ်ကွင်းစတင်ကစားရခြင်း ဖြစ်သည်။
ရန်ကုန်အသင်းသည် ကျော်ဇင်ထက်၊ မောင်မောင်လွင်၊ အီမန်နျူရယ်၊ ဘာဖို၊ သိန်းသန်းဝင်း၊ မောင်မောင်ဝင်း စသည့် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သလို ဟိုချီမင်းစီးတီးအသင်းကလည်း ဒဏ်ရာရကစားသမားအချို့မှလွဲ၍ လူစုံအသုံးပြုခဲ့သည်။
ပွဲအစတွင် ဟိုချီမင်းစီးတီးအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၁၁ မိနစ်တွင် တိုက်စစ်မှူး အာမီဒိုက ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသောကြောင့် ရန်ကုန်အသင်း တိုက်စစ်အားမြင့်လာပြီး လေးမိနစ်အကြာတွင် တိုက်စစ်မှူး အီမန်နျူရယ်က ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းခဲ့သည်။
သရေကျပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်း ကစားပုံပိုကောင်းလာပြီး ၁၈ မိနစ်တွင် မောင်မောင်ဝင်းက အဝေးကန်ချက်ဖြင့် ဒုတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရန်ကုန်အသင်းက ထိန်းကစားခဲ့ရာ ဟိုချီမင်းစီးတီးအသင်း ပြန်ဖိကစားလာ နိုင်ပြီး ရန်ကုန်အသင်း၏ အမြင့်ဘောဖျက်ထုတ်မှုအားနည်းခြင်းကို အခွင့်ကောင်းယူကာ ခေါင်းတိုက်ဂိုးဖြင့် ချေပဂိုး ပြန်သွင်းယူခဲ့သည်။
၄၁ မိနစ်တွင် ဟိုချီမင်းစီးတီးအသင်း ချေပဂိုးပြန်ရခဲ့ပြီး ဗီယက်နမ်လက်ရွေးစင်တိုက်စစ်မှူး ငုယင်ကောင်ဖောင်က ခေါင်းတိုက် သွင်းယူခဲ့သည်။ ၎င်းသည် အောင်သူ၊ မောင်မောင်လွင်တို့ ယူ-၁၉ ကစားသမားဘဝကတည်းက ခေတ်ပြိုင်ကစားသမားတစ်ဦး ဖြစ်ခဲ့သူဖြစ်သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး အခွင့်အရေးများ ထပ်ရသော်လည်း အသုံးမချ နိုင်ခဲ့သောကြောင့် နစ်နာခဲ့ရသည်။
ဟိုချီမင်းစီးတီးအသင်းသည် ဒုတိယပိုင်းတွင် ဂိုးရရန်ထက် ဂိုးမပေးရရန်သာ ဦးစားပေးကစားခဲ့သည်။ လူစားဝင်ကစားသမား ဇင်မင်းထွန်း၏ အနီးကပ်ကန်သွင်းယူမှု လွဲချော်ခဲ့၍ ရန်ကုန်အသင်း နစ်နာခဲ့ရသည်။
ရန်ကုန်အသင်းသည် အုပ်စု(F)တွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ စင်ကာပူကလပ် ဟောင်အန်ယူနိုက်တက်အသင်း၊ လာအိုကလပ် လာအိုတိုယိုတာအသင်းတို့နှင့် ကျရောက်နေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်