ဟားခါး ၁၂ ဖေဖော်ဝါရီ
ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့တွင် ကျင်းပြုလုပ်သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထန်တလန်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်သည်။

ရှေးဉီးစွာ နံနက် ၅ နာရီခွဲတွင် အလံတင်အခမ်းအနားကို ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပြီး နိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုကြခဲ့သည်။

ဆက်လက်ပြီး နံနက် ၇ နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဖတ်ကြားခဲ့သည်။

ယင်းနောက် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ပြခန်းများ ဆောက်လုပ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါးလ်က ပြခန်းများပြသရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ဌာနဆိုင်ရာ ပြခန်းများအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များနှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)
