မိုင်းဖြတ် ၁၂ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသည့် “ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်” ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ကို ဖေဖော်ဝါရီ ၁၂ရက် နံနက် ၆ နာရီက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်စိုးထွေးက ပြိုင်ပွဲဝင်စည်းကမ်းချက်များ၊ (ကျား)(မ)ပြိုင်ပွဲများအတွက် သက်မှတ်နေရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုလမ်းမကြီးပေါ် ပြည်သူ့ပန်းခြံရှေ့မှ တာလွှတ်၍ ပါဆန်းကျေးရွာထိ အသွား/အပြန်၊ ပြည်သူ့ပန်းခြံတွင် ပြန်လည်တာဖမ်းခဲ့သည်။ အဆိုပါ မီနီမာရသွန်ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ၄၀ဝ ဦး၊ ကျောင်းသူ ၂၀ဝ ဦး စုစုပေါင်း ၆၀ဝ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲများအပြီးတွင် မြို့နယ်ပြည်သူ့ပန်းခြံ၌ ဆုးချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကျား/မ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ပန်းဝင်ကျောင်းသား ၂၅ ဦး၊ ကျောင်းသူ ၂၅ ဦးတို့အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မီနီမာရသွန်ပြိုင်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရွှေတို့က တက်ရောက်အားပေးခဲ့ကြပြီး မြို့မရဲစခန်းမှ စခန်းမှူး မြတ်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား စေတနာရှင်များက မြို့ဝင်ဆိုင်းဘုတ်တွင် အအေးနှင့် သောက်ရေသန့်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)