ကသာ ၁၂ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးဆောင်ရွက်သည့် ပြင်းထန်အဆုတ်ရောင်ရောဂါ (2019 Novel Coronavirus) အကြောင်း အသိပညာပေး ဟောပြောပွဲအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ကသာပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

ဖေဖော်ဝါရီ ၁၀ ရက်အထိ ကသာမြို့နယ်တွင် တရုတ်မှ ပြန်လာသော မြန်မာအလုပ်သမား (၈၇) ဦးရှိကြောင်း၊ ယင်းအလုပ်သမားများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ ကျန်းမာရေး ဦးစီးဌာနမှ စစ်ဆေးပြီး သံသယလူနာအဖြစ် စောင့်ကြည့်လျက်ရှိကြောင်း ကသာမြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်အောင်က ပြောပြ၍ သိရသည်။

 

အသိပညာပေး ဟောပြောပွဲတွင် ကသာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ပြင်းထန် အဆုတ်ရောင်ရောဂါ (2019 Novel Coronavirus) ဆိုင်ရာ သတင်းအချက်အလက်များ၊  ညွှန်ကြားချက်များနှင့် ဆောင်ရန်ရှောင်ရန်များအား အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးမှူးအဆင့် (၁) ဦးအောင်အောင်က ကသာမြို့နယ်ရှိ ကျေးရွာများသို့ ပြင်းထန်အဆုတ်ရောင်ရောဂါ (2019 Novel Coronavirus) နှင့် စပ်လျဉ်း၍ ကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းများအား ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများက သိရှိလိုများသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများက ကျန်းမာရေးနှင့် ညီညွတ်သော လက်ဆေးနည်းများနှင့် နှာခေါင်းစည်း တပ်ဆင်နည်းများကို သရုပ်ပြခဲ့ကြောင်း၊ ယင်းဟောပြောပွဲတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျန်းမာရေးမိသားစုများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။

 

ရဲအောင်(ကသာ)

 

mdn