မြစ်သား ၁၂ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ဟင်းလျာကန် ကျေးရွာအုပ်စု၊ ဟင်းလျာကန်ကျေးရွာ ဘိုးတော်ကန်ကို နိုင်ငံတော်က ပြန်လည်တူးဖော်ပေးသဖြင့် ဒေသခံတောင်သူများ ဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘိုးတော်ကန်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေမှ ကျခံ၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်တွင် လုပ်ငန်းများ ပြီးစီး၍ ကန်ပေါင်အလျား ၁၀၀၀ ပေ၊ ကန်ပေါင်ထိပ်ပြင်အကျယ် ၁၆ ပေ၊ ကန်ပေါင်အမြင့် ၁၀ ပေနှင့် ရေပိုလွှဲ ၁ ခု၊ ရေပေးပြွန် ၃ ခုကို ပြုပြင် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ ရေလှောင်ပမာဏမှာ (၁၁၀) ဧကပေဖြစ်ပြီး မိုးစပါးစိုက်ပျိုးရေ ၄၀ ဧကကျော်၊ သောက်သုံးရေ ရေဂါလန် ၃၀ သန်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟင်းလျာကန်ကျေးရွာသည် မြစ်သားမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ (၁၂၅)၊ လူဦးရေ (၅၁၈) ကျော်နေထိုင်ကာ မိုးကောင်းသောက် ဧရိယာတွင်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ကန်ကို ပြုပြင်ခြင်း မရှိသည်မှာ ကြာမြင့်ပြီဖြစ်၍ နုန်းများမြင့်တက်လာကာ ရေသိုလှောင်သည့် ပမာဏ လျော့နည်းလာသည့်အတွက် လယ် (၂၅) ဧကခန့်သာ စိုက်ပျိုးနိုင်သည့်အပြင် နွေရာသီတွင် တိရစ္ဆာန် သောက်သုံးရေများ အခက်အခဲ တွေ့ကြုံနေရကြောင်း၊ ပြီးခဲ့သည့်နှစ်က တောင်သူများမှ သက်ဆိုင်ရာသို့ တင်ပြခဲ့၍ ယခုလိုကန်ကြီးအား ပြန်လည်တူးဖော်ပေးခြင်းဖြစ်ကြောင်း ဟင်းလျာကန် ကျေးရွာနေ ဦးမြင့်နိုင်က ပြောသည်။
ဘိုးတော်ကန် ပြန်လည်တူးဖော် ပြုပြင်ပေးခြင်းကြောင့် မိုးစပါးအပြည့်အဝ စိုက်ပျိုးနိုင်မည့်အပြင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်မည် ဖြစ်သောကြောင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာမည်ကို မျှော်တွေးကာ ဒေသခံပြည်သူများ ဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
ပေးပို့သူ- ဆုမွန်(မြစ်သားပြန်/ဆက်)
