မန္တလေး ၁၂ ဖေဖော်ဝါရီ

 

မန္တလေးမြို့တွင် အခြေချနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နဝမအကြိမ် ဈေးရောင်းပွဲတော်နှင့် ယဉ်ကျေးမှုပဒေသာကပွဲများကို မန္တလေးမြို့၊ မန္တလာသီရိအဆင့်မြင့် အားကစားကွင်းတွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ လာရောက်လည်ပတ်သူများ စည်ကားခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့) တွင် လာရောက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

ဒီပွဲတော်ကို တိုင်းရင်းသားလူမျိုးများ၏ မိမိတို့ချစ်ခင်မြတ်နိုးသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ပြသပြီး မပျောက်ပျက်ရလေအောင် အမြဲထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ တိုင်းရင်းသားလူမျိုးစုများအချင်းချင်း ပိုမိုနားလည်မှုရရှိခြင်း၊ အပြန်အလှန်လေးစားခြင်း၊ ကူညီရိုင်းပင်းခြင်း အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ် ကိန်းအောင်နေစေရန်နှင့် တိုင်းရင်းသားလူမျိုးများ ဉမကွဲသိုက်မပျက် ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်သည့် ပြည်ထောင်စုကြီး အမြဲရှင်သန်နေရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်က ပြောကြားသည်။

 

“ဒီနှစ်က တိုင်းရင်းသား (၁၈)မျိုးပါဝင်ပါတယ်၊ ပွဲဈေးတန်းနဲ့ ပဒေသာကပွဲကတော့ မြင်တဲ့အတိုင်းပဲ တိုးမပေါက်အောင် စည်ကားပါတယ်၊  နောက်နှစ်တွေမှာလည်း ခုလို မန္တလေးအခြေစိုက် တိုင်းရင်းသားတွေ စုစုစည်းစည်း ညီညီညွတ်ညွတ် ကျင်းပနိုင်အောင် ဆောင်ရွက်သွားပါမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

“ဒီပွဲကို မန္တလာသီရိကွင်းထဲမှာလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတက်ရင်း လာရောက်ဖြစ်တာပါ၊ တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာအစားအစာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ အသိပညာပြခန်းများများနှင့် စာအုပ်အရောင်းဆိုင်တွေ ခင်းကျင်းပြသထားတာ တွေ့ရတယ်၊ ညပိုင်းမှာလည်း ဖျော်ဖြေရေးအစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်၊ ခုလိုတိုင်းရင်းသာတွေ့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို တစ်နေရာတည်းမှာ လေ့လာခွင့်ရတာ အရမ်းကောင်းပါတယ်”ဟု အဆိုပါပွဲတော်သို့ လာရောက်သူတစ်ဦးက ပြောသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)