၁၂ ဖေဖော်ဝါရီ
ကိုယ်ဝန်ဆောင်တွေ အကြောက်ဆုံးကိစ္စကို ပြောပါဆိုရင် ကိုယ်ဝန်ဆိပ်တက်ခြင်းပါပဲ။ ကိုယ်ဝန်ဆောင် ၁၀၀မှာ ၅ယောက်က ကိုယ်ဝန်ဆိပ်တက်နိုင်ပါတယ်။ ကိုယ်ဝန်ပတ် ၂၀ လောက်ကစဖြစ်တတ်ပြီး မွေးပြီး၆ပတ်အထိ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာက အချိန်မီမကုသရင် အမေရော ကလေးပါ အသက်အန္တရာယ်ရှိပါတယ်။ Eclampsia ပြောင်းပြီး တက်သွားတတ်ပါတယ်။ ဒါကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ရောဂါလက္ခဏာကို စောစောသိပြီး စောစောကုဖို့ပါပဲ။
ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာဘာကိုပြောတာလဲ။
ကိုယ်ဝန်ဆိပ်တက်ရင် သွေးတွေတက်လာပြီး ဆီးထဲမှာ အသားဓာတ်တွေပါလာပါတယ်။ ခြေတွေ လက်တွေဖောလာပါတယ်။ သွေးထဲမှာ သွေးဥမွှားတွေ နည်းလာပါတယ်။ ပညာရှင်တွေကတော့ ဒါဟာ အချင်းကြောင့်လို့ ဆိုပါတယ်။ ကိုယ်ဝန်အစောပိုင်းမှာ သွေးကြောအသစ်တွေ ပေါ်လာပြီး အချင်းကို သွေးထောက်ပံ့ပေးရပါတယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့ အမျိုးသမီးတွေမှာတော့ ဒီဖြစ်စဥ်က ပုံမှန်မဟုတ်ပါဘူး။ သူတို့ရဲ့ သွေးကြောတွေကကျဉ်းပြီး ဟော်မုန်းကို ကောင်းကောင်းမတုံ့ပြန်နိုင်တော့ပါဘူး။ ဒါကြောင့် အချင်းဆီကို သွေးကောင်းကောင်း မလျှောက်တော့ပါဘူး။ ဘာလို့ဒီလို သွေးကြောတွေ ပုံမှန်မဖြစ်ရတာလဲဆိုတော့
• သားအိမ်ဆီကို သွေးကောင်းကောင်းမရတာ
• သွေးကြောတွေ ပျက်စီးတာ
• ခုခံအားစနစ်မကောင်းတာ
• မျိုးဗီဇပြဿနာစတာတွေကြောင့် ဖြစ်ပါတယ်။
ဘယ်သူတွေပိုဖြစ်နိုင်လဲ။
• အရင်ကကိုယ်ဝန်ဆိပ်တက်ဖူးတဲ့သူတွေ
ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် မိသားစုထဲမှာဖြစ်ဖြစ် ကိုယ်ဝန်ဆိပ်တက်ဖူးရင် ပိုဖြစ်နိုင်ပါတယ်။
• သွေးတိုးရောဂါရှိတာ
• သားဦကိုယ်ဝန်ဖြစ်တာ
• အိမ်ထောင်ဆက်များတာ
• အသက်ငယ်လွန်း ဒါမှမဟုတ် အသက်၄၀ကျော်မှကိုယ်ဝန်ဆောင်တာ
• အဝလွန်တာ
• အမြွှာကိုယ်ဝန်ရှိတာ
• သားဆက်ခြားတာ ၂နှစ်အောက် ဒါမှမဟုတ် ၁၀နှစ်ကျော်တာ
• အရင်ကတည်းက သွေးတိုးရှိတာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဆီးချိုရှိတာ၊ ကျောက်ကပ်ရောဂါရှိတာ
• ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန်ဆောင်တာ စတဲ့သူတွေ ပိုဖြစ်နိုင်ပါတယ်။
ဘာလက္ခဏာတွေပြမှာလဲ။
ကိုယ်ဝန်ဆိပ်တက်တာက တစ်ခါတစ်လေ ဘာလက္ခဏာမှမပြတတ်ပါဘူး။ သွေးတိုးတာလောက်ပဲရှိတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေက သွေးပေါင်ချိန်ကို ပုံမှန်တိုင်းသင့်ပါတယ်။ တခြားလက္ခဏာတွေကတော့ -
• ခေါင်းထိုးကိုက်တာ
• မျက်စိဝါးတာ၊ အလင်းရောင်မခံနိုင်တာ၊ ရုတ်တရက်ဘာမှမမြင်ရတော့တာ
• ဝမ်းဗိုက်ညာဘက်ခြမ်းကအောင့်တာ (ဒါကအသည်းရှိတဲ့နေရာပါ)
• ပျို့အန်တာ
• မောတာ၊ အသက်ရှူမဝတာ
• ဆီးနည်းတာ
• ၁ရက် ၂ရက်အတွင်း ဝိတ်တက်လာတာ
• ရုတ်တရက် ခြေတွေလက်တွေဖောတာ (ဒါက သာမန်ကိုယ်ဝန်ဆောင်တွေလည်း ဖြစ်တတ်ပါတယ်။)
• သွေးစစ်ကြည့်ရင် သွေးဥမွှားတွေနည်းနေတာ၊ အသည်းမကောင်းတာ
• ဆီးထဲမှာ အသားဓာတ်တွေပါတာ စတာတွေတွေ့ရပါတယ်။
ဒီလိုလက္ခဏာတွေရှိနေရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသင့်ပါတယ်။
ကုသနည်း
ကိုယ်ဝန်ဆိပ်တက်တာရဲ့ အဓိကကုသနည်းကတော့ ကလေးကို မြန်မြန်မွေးထုတ်လိုက်တာပါပဲ။ ကိုယ်ဝန်ပတ်ပေါ် မူတည်ပြီး ဆေးရုံတက်အခြေအနေကို စောင့်ကြည့်တာ၊ လိုအပ်တဲ့ ကုသမှုတွေပေးတာကို ခံယူသင့် ပါတယ်။ မွေးပြီးသွားရင်တောင်မှ ကိုယ်ဝန်ဆိပ်တက်နိုင်ခြေ ရှိသေးတာကြောင့် စိတ်မချရသေးပါဘူး။ တချို့က ၂ ရက်နဲ့ သက်သာသွားပေမယ့် တချို့က ၆ ပတ်အထိကြာတတ်ပါတယ်။
နောက်ဆက်တွဲပြဿနာများ
လနုနုနဲ့ ကိုယ်ဝန်ဆိပ်တက်ရင် ကြောက်ဖို့ကောင်းပါတယ်။ အမေနဲ့ ကလေးအသက်အန္တရာယ်ရှိလို့ လိုအပ်ရင်စောမွေးရမှာပါ။ ဒါကြောင့် -
• ကလေးပေါင်မပြည့်တာ
• လမစေ့တာ
• သွေးတိုးလွန်းလို့ အချင်းကွာတာ
• HELLP Syndromeလို့ခေါ်တဲ့ သွေးနီဥတွေ ပျက်စီးတာ၊ အသည်းအင်ဇိုင်းတွေတက်တာ၊ သွေးဥမွှားတွေ နည်းသွားပြီး ကိုယ်တွင်းအင်္ဂါတွေပျက်စီးတာ
• ကိုယ်ဝန်ဆိပ်တက်ရာကနေ မထိန်းနိုင်ရင် Eclampsia ဖြစ်သွားပြီး တက်တာ၊လေဖြတ်တာ
• နောက်ပိုင်းကျရင် နှလုံးရောဂါဖြစ်နိုင်ချေများတာ စတာတွေဖြစ်တတ်ပါတယ်။
ကာကွယ်လို့ရလား။
ကိုယ့်မှာ ကိုယ်ဝန်ဆိပ်တက်ဖို့ အလားအလာရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြသပါ။ တတ်နိုင်သမျှကျန်းမာအောင်နေပါ။
• ကိုယ်အလေးချိန်ထိန်းပါ။
• ဆေးလိပ်ဖြတ်ပါ။
• ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပါ။
• သွေးတိုး၊ ဆီးချိုထိန်းပါ။
ဖြစ်နိုင်ချေများတဲ့သူတွေက ကိုယ်ဝန်ပတ် ၁၂ပတ်ကျော်ရင် အက်စပရင်သောက်ပြီး ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေက ကိုယ့်သဘောနဲ့ကိုယ် ဘာဆေးမှမသောက်သင့်တဲ့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win