အောင်ဆန်းဆိုသည့် နာမည်ကို မြန်မာတွင်သာမက နိုင်ငံတကာကပါ ရင်းနှီးကျွမ်းဝင်ကြသည်။ နိုင်ငံတကာ သမိုင်းကို နှံ့စပ်နားလည်သူများသည်ကား အောင်ဆန်းဆိုသည့်အမည်ကို အမျိုးသားခေါင်းဆောင်၊ သူရဲကောင်း၊ ထက်မြက် သလောက် ရိုးသားဖြူစင်သူအဖြစ် အသိအမှတ်ပြုကြသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီးအဖြစ် ခေတ်ပြိုင်နိုင်ငံရေးသမားများကရော၊ လုပ်ဖော်ကိုင်ဖက်များ ကရော၊ သူ့ကိုမုန်းသူများကပါ တလေးတစားရှိကြသည်။ သူ၏ ထက်မြက်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်က ကြောက်ခမန်း လိလိဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီးအဖြစ် သူကျဆုံးချိန်က သူ၏အသက်မှာ သုံးဆယ့်သုံးနှစ်သာ ရှိသေးသည်။ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများအားလုံး၏ ရှေ့ဆုံးတန်းက ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့၏။ ရန်သူမိတ်ဆွေအားလုံးက ဦးညွတ်ကြရသည့် ခေါင်းဆောင်ဖြစ်ပါသည်။
ဒေါင်ဒေါင်မြည် မျိုးချစ်သူရဲကောင်းဟုဆိုသော်လည်း မျက်ကန်းမျိုးချစ်မဟုတ်။ နိုင်ငံတကာအမြင်ရှိသူ၊ အမြင်ကျယ်သူဖြစ်၏။ ဒီမိုကရေစီကို ယုံကြည်သူ၊ ညီညွတ်ရေးကို ဦးဆောင်ဦးရွက်ပြုနိုင်သူ၊ လူမွဲတို့၏ ထွက်ရပ်လမ်းကို ရှာဖွေထိုးဖောက် အရောက်သွားလိုသူ။
တိုင်းပြည်အတွက် ပြည်သူလူထုအတွက်ဆိုသည်ကလွဲ၍ အခြားမစဉ်းစားသူဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲ အတွက် ဖြစ်မည်ဆိုလျှင် မည်သူနှင့်မဆို စေ့စပ်ညှိနှိုင်းသည်။ လက်တွဲအလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်သည်။ အာဃာတမရှိ။ ညီညီညွတ်ညွတ် လက်တွဲလုပ်လိုသူလည်း ဖြစ်သည်။ သဘောထားချင်း မတိုက်ဆိုင်ရုံနှင့် ဘေးဖယ်မထား။ အမှန်တရားကို ယုံကြည်သည်။ သတ္တိရှိသည်။ ရင်ဆိုင်ရဲသည်။ ဆွေးနွေးရဲသည်။ အဖြေရှာသည်။
ဒေါက်တာဘမော်နှင့်တူ အလုပ်လုပ်သည်။ ဘကြီးဘဘေနှင့်လည်း အတူတွဲသည်။ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့နှင့် အလုပ်အတူလုပ်သည်။ လက်ဝဲအင်အားစုများဖြစ်သည့် သင်စိုး၊ သခင်သန်းထွန်း၊ သခင်သိန်းတို့နှင့် ယုံယုံကြည်ကြည် အလုပ်လုပ်သည်။ လက်ဝဲဆန့်ကျင်ရေး အင်အားစုများနှင့်လည်း အလုပ်တွဲလုပ်သည်။ သူ့၏ အမှန်တရားပေါ်မှာ ရပ်တည်နိုင်မှုနှင့် သဘောထားကို ယုံကြည်သည်။ ယနေ့ခေတ် စားနေသည့် အားလုံးပါဝင် နိုင်ရေးဆိုသည့် (all inclusive)အမြင် ခိုင်ခိုင်မာမာရှိသူဖြစ်သည်။
မှန်မှန်ကန်ကန်ပြောသည်။ သူပေးသည့်ကတိကို သူတည်အောင်နေသည်။ တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမည်ဟု ပြောခဲ့သည့်အတိုင်း သူကျဆုံးပြီးဖြစ်သော်လည်း လွတ်လပ်ရေးတစ်နှစ်အတွင်း ရခဲ့သည်။
သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက ယနေ့ဆိုလျှင် ဦးအောင်ဆန်း၏ အသက် တစ်ရာ့ငါးနှစ်ပြည့်ပြီး နိုင်ငံအတွက် လူမျိုးအတွက် သူဆောင်ရွက်သွားခဲ့သည်တို့က များလှ၏။ သူအသက်ရှင်နေထိုင်ခဲ့သည့် သက်တမ်းနှင့်မမျှ။ သူ့ကျေးဇူးက နိုင်ငံအတွက် များစွာရှိနေသည်ပဲဖြစ်၏။
လက်နက်အားကိုးဖြင့် အာဏာလောဘရှိသူတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသော်လည်း သူ၏လုပ်ရပ်တို့က ကွယ်ပျောက်မသွား။ မည်သူတို့က မည်သို့ပင် ဖျောက်ဖျက်ချင်သည်ဖြစ်စေ၊ သူ၏ နာမည်ကောင်းတို့က တိမ်မြုပ်မသွား။
သူနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီး မျှော်မှန်းခဲ့သော ဒီမိုကရေစီနိုင်ငံ၊ တိုင်းရင်းသားတို့ သွေးစည်းညီညွတ် သောနိုင်ငံ၊ နိုင်ငံငြိမ်းချမ်းသော နိုင်ငံအဖြစ်သို့ ကြိုးစားအားထုတ်ခြင်းသည် မြန်မာနိုင်ငံ၏ မှန်ကန်သည့် နိုင်ငံရေး လမ်းစဉ်ဖြစ်သည်ဟု ယုံကြည်လျက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ဦးအောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုလိုက်ပါကြောင်း။ ။