သင်ဟာ ရင်သွေးတွေကို ပျိုးထောင်ပေးနေရတဲ့ မိခင်တစ်ဦးဆိုပါစို့။ သားသားမီးမီးတွေရဲ့ အစား အသောက် စားသောက်ပုံနည်းလမ်းတွေအပေါ် သင့်ရဲ့လွှမ်းမိုးမှုက သင်ထင်ထားတာထက် ပိုပါတယ်။ ရင်သွေးတွေကို သင့်ရဲ့ကျွေးမွေးပြုစုပုံ နည်းလမ်းဟာ ကလေးတို့ ကောင်းမွန်စွာ ဖွံ့ဖြိုးလာရေးမှာ ဘယ်လောက်တောင် အရေးပါလှသလဲဆိုတာကို သင် တွေးကြည့်မိဖူးရဲ့လား။
တကယ်တော့ သားသားမီးမီးတွေအတွက် အာဟာရဓာတ် (Nutrient) ဟာ မိဘတွေပေးတဲ့ အကောင်းဆုံး ခွန်အားဖြစ်ပါတယ်။ အာဟာရဓာတ်ဟာ ရင်သွေးတွေ ဖွံ့ဖြိုးလာဖို့အတွက် ရုပ်ပိုင်း ဆိုင်ရာမှာသာမက စိတ်ပိုင်းဆိုင်ရာအရလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ကလေးတွေဟာ အာဟာရပြည့်ဝတဲ့ အစားအစာတွေထက် ပုံပန်းသဏ္ဍာန်အားဖြင့် နှစ်လိုဖွယ် အဆင်းရှိတဲ့ မုန့်တွေ၊ အဆာပြေအစားအစာတွေကို ပိုမိုနှစ်သက်တတ်ကြပါတယ်။ မိဘတွေ အတွက်တော့ တစ်ခါတရံမှာ မိမိတို့ရဲ့ သားသားမီးမီးတွေကို အာဟာရပြည့်ဝတဲ့ အစားအစာမျိုးတွေ ကျွေးမွေးရတာဟာ လေဆန်မှာ တောင်တက်ရသလိုပါပဲ။ ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် စိတ်မပျက်ပါနဲ့ ဒါဟာ သားသားမီးမီးတွေရဲ့ အနာဂတ်မှာ ရေရှည်ဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အုတ်မြစ်တစ်ခုဖြစ်လို့ပါပဲ။
ရင်သွေးတွေအတွက် ပြည့်စုံကြွယ်ဝတဲ့ အာဟာရဓာတ်ရဖို့ ဘာကြောင့် အရေးကြီးတာလဲ
အာဟာရဓာတ်ဆိုတာက ဘယ်လိုအသက်အရွယ်မျိုးအတွက်မဆို အရေးပါတဲ့ သက်စောင့်ဓာတ် ဖြစ်ပါ တယ်။ အထူးသဖြင့် ကလေးတွေအတွက်ဆိုရင် ကိုယ်လက်ကြံ့ခိုင်စေဖို့၊ ကျန်းမာသန်စွမ်းစေဖို့နဲ့ ဖွံ့ဖြိုး ကြီးထွားစေဖို့ အာဟာရဓာတ်တွေ မှန်ကန်စွာဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကလေး တွေကို ငယ်ရွယ်စဉ်မှာပဲ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ ကျွေးမွေးစောင့်ရှောက်ပြီး အာဟာရဆိုင်ရာ ဗဟုသုတတွေ နားလည်လာအောင် မျှဝေပေးတာဟာ ရင်သွေးရဲ့ ဘဝတစ်သက်တာအတွက် အကောင်းဆုံး အခြေခံအုတ်မြစ်ကို ချပေးလိုက်တာဖြစ်ပါတယ်။
ပြည့်စုံကြွယ်ဝတဲ့ အာဟာရဓာတ်နဲ့ မိခင်တစ်ယောက်ရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုတွေကသာ ရင်သွေးတွေရဲ့ ဘဝတစ်လျှောက်လုံးစာအတွက် စစ်မှန်တဲ့ ခွန်အားနဲ့ ကောင်းမွန်တဲ့ အနာဂတ်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
ရင်သွေးတွေမှာ ဘယ်လို အာဟာရဓာတ်တွေ လိုအပ်သလဲ……
သားသားမီးမီးတွေအနေနဲ့ သူတို့လိုအပ်တဲ့ အာဟာရဓာတ်တွေကို မိခင်တွေက နေ့စဉ်ကျွေးမွေးတဲ့ အစားအစာတွေကနေ အဓိကရရှိပါတယ်။ မိခင်က မှန်ကန်သင့်လျော်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစားတွေကို ရွေးချယ်ကျွေးမွေးနိုင်မှသာ ရင်သွေးတွေဟာ လုံလောက်တဲ့ အာဟာရဓာတ် ပြည့်ဝစွာရရှိမှာဖြစ်ပါတယ်။
အမေရိကန် ကျန်းမာရေးဌာနက လမ်းညွှန်ထားတဲ့ Dietary Guidelines အရဆိုရင် မိဘတွေအနေနဲ့ ရင်သွေးတွေကို အောက်ပါ အစားအစာ ၅ မျိုး မျှတစွာ ပါဝင်အောင် နေ့စဉ် စီမံကျွေးမွေးသင့်တယ်လို့ ဆိုထားပါတယ်။ အဲဒါတွေကတော့ …
• ၁။ ပရိုတင်းဓာတ် သိုမှီးပါဝင်နေတဲ့ အသား၊ ဥ၊ ပဲ၊ ရေထွက်အစားအစာတွေ၊
• ၂။ အစေ့အဆန်တွေနဲ့ အမျှင်ဓာတ် (Fiber) နဲ့ ဗီတာမင် B ကြွယ်ဝစွာပါဝင်နေပေါင်မုန့်နဲ့ Cereals လို အစားအစာမျိုးတွေ၊
• ၃။ ဗီတာမင် A ၊ ဗီတာမင် C နဲ့ ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေတဲ့ လတ်ဆတ်တဲ့ အသီးအရွက်တွေ
• ၄။ ဗီတာမင် C နဲ့ ကယ်လ်စီယမ်ဓာတ်တွေ ပေါများစွာပါဝင်နေတဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ
• ၅။ ကယ်လ်စီယမ်၊ ရေဓာတ်နဲ့ ပရိုတင်းဓာတ်ပါဝင်နေတဲ့ နို့၊ ဒိန်ခဲနဲ့ ဒိန်ချဏ်တို့လို အစားအစာမျိုးတွေ ဖြစ်ပါတယ်။ အထက်ပါအစားအစာတွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ရင်သွေးတွေ ဖွံ့ဖြိုးဖို့နဲ့ ကျန်းမာသန်စွမ်းဖို့ အလွန်ကိုအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း သကြား၊ ဆိုဒီယမ်၊ အဆီဓာတ်နဲ့ Saturated Fats တွေပါဝင်တဲ့ အစားအစာမျိုးတွေနဲ့ အသင့်စား အစားအစာတွေကိုတော့ တတ်နိုင်သမျှ ဂရုတစိုက် ရှောင်ကြဉ်ဖို့ တိုက်တွန်းလိုပါတယ်။
မိခင်များ သိမှတ်ဖွယ်
မိခင်ဆိုတာ ရင်သွေးရဲ့ အာဟာရဓာတ်တွေကို စီမံခန့်ခွဲတဲ့ မန်နေဂျာတစ်ယောက်လိုပါပဲ။ စီမံခန့်ခွဲမှု ကောင်းမွန်မှသာ ရင်သွေးက ကျန်းမာပြီး ကောင်းမွန်စွာ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ကိုယ်တိုင် နည်းမှန်လမ်းမှန်တဲ့ ကျွေးမွေးစောင့်ရှောက်ရမှာဖြစ်သလို ရင်သွေးကိုလည်း ကြီးပြင်းလာစဉ် တစ်လျှောက်လုံးမှာ အာဟာရဓာတ်ရဲ့ အရေးပါပုံကို နားလည်အောင် သင်ကြားပေးသင့်ပါတယ်။ အာဟာရဓာတ် ကြွယ်ဝတဲ့အစားအစာတွေကို စားသောက်တာဟာ သူ့အတွက် ဘယ်လောက်တောင် အကျိုးရှိတယ်ဆိုတာမျိုးပေါ့။ စစ်တမ်းတွေအရဆိုရင် သားသားမီးမီး ၇၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ မိခင် ဖခင်တွေနဲ့ အာဟာရဓာတ်နဲ့ အစားအစာတွေအကြောင်းကို ပြောဆိုဖို့ စိတ်ပါဝင်စားကြပေမယ့် အုပ်ထိန်းသူတွေကတော့ ဒီကိစ္စတွေကို ပြောဆိုဖို့ မေ့နေကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် ရင်သွေးတို့နဲ့ သူတို့ စားသောက်နေတဲ့ အစားအစာတွေအကြောင်း ပြောကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
နောက်ပြီး မိခင်တွေအနေနဲ့ ရင်သွေးငယ်တွေကို အာဟာရဓာတ်ပြည့်ဝအောင် ပြုစုကျွေးမွေးရာမှာ အောက်ပါအချက်တွေကိုလည်း သိထားသင့်ပါသေးတယ်။
• ဘယ်အစားအစာတွေမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေတယ်ဆိုတာကို လေ့လာပါ။
• အာဟာရဓာတ်တွေဟာ အရေးပါသလို ရင်သွေးတွေကို ကျွေးမွေးတဲ့ အစားအစာ ပမာဏဟာလည်း အရေးပါပါတယ်။ များလွန်း နည်းလွန်းတာမျိုး မဖြစ်ပါစေနဲ့။
• အစားအစာတွေရဲ့ တစ်ဝက်ပမာဏဟာ လတ်ဆတ်တဲ့ အသီးအရွက်နဲ့ သစ်သီးဝလံတွေ ဖြစ်ပါစေ။
• အစားအသောက်တွေရဲ့ သန့်ရှင်းလတ်ဆတ်မှုကို ဂရုစိုက်ပါ။
• ချက်ပြုတ်တဲ့ ပုံစံဟာလည်း အာဟာရဓာတ်ပြည့်ဝစွာရရှိဖို့အတွက် အရေးပါ ပါတယ်။ အကျက်လွန်တာတွေ၊ မကျက်တကျက်ဖြစ်တာတွေ မဖြစ်စေဖို့ သတိထားပါ။
• အစားအစာတင်မက တိုက်ကျွေးတဲ့ အရည်တွေကိုလည်း ဂရုစိုက်ပါ။ ဥပမာ – နို့ထွက် ပစ္စည်းတွေနဲ့ အချိုရည်တွေဟာ အလွန်အကျွံတိုက်ကျွေးဖို့ မသင့်တော်ပါဘူး။
• အာဟာရဓာတ် ကြွယ်ဝစွာပါဝင်သလို ကလေးလည်း နှစ်သက်မယ့် အစားအစာမျိုးတွေ ရှာဖွေပါ။
• မတူညီတဲ့အစားအစာတွေဟာ မတူညီတဲ့ အာဟာရတန်ဖိုးတွေ ပေးစွမ်းနိုင်ပါတယ်။ ဖွယ်ဖွယ်ရာရာ စုံစုံလင်လင်မြင်တွေ့ရရင် ရင်သွေးတွေအနေနဲ့လည်း ပိုမိုနှစ်သက်နိုင်ပါတယ်။
• ညစာစားချိန်မျိုးတွေမှာဆိုရင် လွယ်ကူပြီး ရိုးရှင်းတာတွေ ကျွေးပါ။ မိသားစု ညစာဝိုင်းလေးတွေမှာ ရိုးရှင်းပြီး အာဟာရဓာတ်ပြည့်ဝတာမျိုးတွေကို အဓိကထားပြင်ဆင်သင့်ပါတယ်။ ဆန်းဆန်းပြားပြား အစားအစာတွေဟာ ကလေးတွေအတွက် အာဟာရဓာတ်ကြွယ်ဝတာမျိုး နည်းပါးတာကို သတိထားသင့်ပါတယ်။
ရေးသားသူ Ye Zon Aung ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”