ပဲခူး  ၁၃  ဖေဖော်ဝါရီ

 

ပဲခူးမြို့ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ် ယာဉ်ရပ်နားကွင်းတွင် ယမန်နေ့ ညနေ ၄ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာ ဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေတို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားများ ရောင်းချသောမြန်မာ တိုင်းရင်းသားရိုးရာ အစားအစာများနှင့် ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

74

 

ထို့နောက် ၂၀၁၉-၂၀၂၀ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ပဲခူးတိုင်းဒေသကြီးအားကစားအဖွဲ့များနှင့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် ဘင်ခရာနှင့် စစ်တီးဝိုင်းအဖွဲ့များအား ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကယား၊ ကရင်၊ အရှို၊ မွန်၊ ရှမ်း၊ ပအိုဝ့်စသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပဲခူးတက္ကသိုလ်အနုပညာအသင်းမှ ကျောင်းသား/ ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကများဖြင့်လည်းကောင်း၊ တေးသံရှင် များဖြစ်ကြသည့် မိုးထက်မြင့်၊ ရွှေရည်သိန်းတန်၊ လင်းခက်၊ ဟံသာစိုးမင်း၊ ဩရသတို့က တေးသီချင်းများဖြင့် လည်းကောင်း  ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

 

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်း၊ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ပြခန်း၊ ဌာနဆိုင်များ၏ ဌာနအလိုက် ကျန်းမာရေး ပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်း၊ ပညာရေးပြခန်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာပြခန်းများ ပြသထားခြင်း၊ ကရင်၊ ရခိုင်၊ မွန်၊ ပအိုဝ်းတိုင်းရင်းသားများ၏ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချခြင်းများ ပါဝင်ပြသထားသည့်အပြင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှလည်း မိမိတို့ဌာန၏ပြခန်းတွင် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ခွေးနှင့်ကြောင် ကောင်ရေ (၂၀ဝ)ခန့်အား ခွေးရူးရောဂါ ကာကွယ်ဆေးကို ပြည်ထောင်စုနေ့ နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန်အထိ အခမဲ့ထိုးနှံပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)