ဘားအံ ၁၃ ဖေဖော်ဝါရီ
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲက ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းက လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသော တက္ကသိုလ်/ကောလိပ်အဆင့်နှင့် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲဆုရ ကျောင်းသား ကျောင်းသူများက သရုပ်ပြဖျော်ဖြေခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ချက်များ၊ ငယ်စဉ်ကျောင်းသားဘဝမှစ၍ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလတစ်လျောက် ဖြတ်သန်းခဲ့ရသည့် ဘဝအဖုံဖုံကို ဖော်ညွှန်းသည့် ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့သည့် စာများ၊ စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်များနှင့် ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ပဲပြုတ်၊ နံပြားဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)