ဘားအံ   ၁၃  ဖေဖော်ဝါရီ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Ms.Suphatra Srimaitreephithak နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကျေးလက်ဒေသလူမှုဖူလုံရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လျှပ်စစ်စွမ်းအင်နှင့် ထိုင်းနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Ms.Suphatra Srimaitreephithak နှင့်အတူ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(RICA)မှ Sufficiency Economy Philosophy (SEP) လုပ်ငန်းအဖွဲ့အကြီးအကဲ Mr.Narat Vidyananda ဦးဆောင်သော ကျွမ်းကျင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအဖွဲ့သည် Sufficiency Economy Philosophy (SEP) အခြေပြု Community Development Project သို့ ကွင်းဆင်းလေ့လာရန်၊ အချက်အလက်များ စစ်တမ်းကောက်ယူရန်၊ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စီမံချက် (MSDP)နှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးသွင်ပြင်နှင့် ဖွံဖြိုးတိုးတက်မှု ကိစ္စရပ်များ ရှာဖွေဖော်ထုတ်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များနှင့် ဒေသခံပြည်သူများအကြား Community Development Project ကို လက်တွေ့အကောင်အထည် ဖော်နိုင်ရန်အတွက် မြဝတီမြို့နယ် လေးကေ့ကော်ကျေးရွာနှင့် ဘားအံမြို့နယ် မကျီးကျွန်းကျေးရွာများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။ 

စောမျိုးမင်းသိန်း(ပြန်/ဆက်)