နေပြည်တော် ၁၃ ဖေဖော်ဝါရီ

 

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၇/၂၀၂၀) ကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လမ်းညွှန်ပြောကြားရာတွင် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် လိုအပ်သော Isolation (သီးသန့်ခွဲခြားထားရှိခြင်း)နှင့် Quarantine (အသွားအလာ တားမြစ်ပိတ်ပင်ခြင်း/ ကန့်သတ်ခြင်း) ကို လုပ်ဆောင်ရာတွင် ပြည်သူများက ပူးပေါင်းဆောင်ရွက်လာစေရန် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအား အသက်ဝင်အောင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပြီး နည်းဥပဒေပြဌာန်းရန် လိုအပ်ကြောင်း၊ ယခုလက်ရှိ ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံသယလူနာနှင့် စောင့်ကြည့်လူနာများအတွက် ဆေးရုံဆင်းရာတွင် ကိုက်ညီရမည့်အချက်များ သတ်မှတ်ခြင်း၊ လမ်းညွှန်မှာကြားခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

ပြည်သူလူထုအတွင်း လူတန်းစားအမျိုးမျိုးအထိ ကျန်းမာရေးအသိပညာပေး ရောက်ရှိနိုင်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ လူစုလူဝေးများသောနေရာများတွင် ကျန်းမာရေး ပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  UNICEF အဖွဲ့၏ အကူအညီဖြင့် သတင်းအချက်အလက်များကို ကချင်၊ ရှမ်း၊ ဝ၊ ကိုးကန့် တိုင်းရင်းသားဘာသာများဖြင့် ကျန်းမာရေးအသိပညာပေးနိုင်ရန် အမြန်ဆုံးစီစဉ်စေလိုကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ကူးစက်ရောဂါဗေဒဆိုင်ရာရှုထောင့်မှ (Epidemiology Perspective) ဖြင့်သုံးသပ်ချက်များအပေါ် အသေးစိတ်လေ့လာထားရန် လိုအပ်ကြောင်း။

 

လူနာအခြေအနေခွဲခြားသတ်မှတ်ခြင်း Triage of patient COVID-2019 နှင့်ပတ်သက်သည့် စံလုပ်ထုံးလုပ်နည်းများအား တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံတိုင်းတွင် အလွယ်တကူအသုံးပြုနိုင်စေရန် အသိပေးဆွေးနွေးပွဲများ ပြုလုပ်စေလိုကြောင်း၊ အသွားအလာ တားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း (Quarantine) တွင်ပါဝင်သူများအတွက် လုပ်ငန်းခွင် ခွင့်သတ်မှတ်ခြင်းအပါအဝင် လိုအပ်သည့်ထောက်ပံ့မှုများ ရရှိစေရေး စီစဉ်ထားရန်လိုအပ်ကြောင်း၊  Emergency Operation Centre (EOC) Hot Line Service ကို ၂၄ နာရီ ပိတ်ရက်မရှိ ဆက်လက်ဖွင့်လှစ် ဆောင်ရွက်နေပြီး ကုသရေးဉီးစီးဌာန၏ EOC Network နှင့် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ အကြောင်းကြားထားရမည် ဖြစ်ကြောင်း။

 

ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့် Personal Protective Equipment (PPE) အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများအား ဆေးရုံများသို့ဖြန့်ဝေနိုင်မှု အခြေအနေ၊ လက်ကျန် အခြေအနေ၊ (Resource mapping) နှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများ (Development Partners) များနှင့် ချိတ်ဆက်ဆောင်ရွက်ထားမှု အခြေအနေကို နေ့စဉ်သုံးသပ်တင်ပြရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအား Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးရာတွင် အင်တာနက် အသုံးပြုမှု နည်းပါးသော ကျေးလက်တောရွာများအထိ ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်မှုအခြေအနေများနှင့် UNICEF၊ MRCS စသည့်အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

 

mdn

 

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပေါ်နေသောအခြေအနေနှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ် ဆေးရုံများတွင် တက်ရောက်နေသော စောင့်ကြည့်လူနာများ၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်ကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃)ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၈) ခုမှ မြို့နယ် (၂၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် (၂၇) ခုတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုသည့် အခြေအနေနှင့် သံသယလူနာ/စောင့်ကြည့် လူနာမတွေ့ရှိခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား ပညာသင် (၅၉) ဦး၏ ကျန်းမာရေး အခြေအနေသည် (ယနေ့နံနက်ပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိမှု၊ ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည့် တရုတ်သုတေသနရေယာဉ် XIANG YANG HONG 06 တွင် ပါဝင်သည့်သူများအား ကျန်းမာရေး စစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ရာတွင် ဖျားနာလူနာများမတွေ့ရှိမှု စသောအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

 

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ဆေးရုံအုပ်ကြီးများ၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။

 

သတင်းစဉ်