(၁၃-၂-၂၀၂၀ ရက်နေ့၊ ည (၈:၀၀) နာရီ)
နေပြည်တော် ၁၃ ဖေဖော်ဝါရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့ လျက်ရှိသည့် ?????-?? လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်တွင် နေထိုင်သော အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လန်ချန်းဆေးရုံတွင် (၂၁-၁-၂၀၂၀) ရက်နေ့မှ (၂-၂-၂၀၂၀) ရက်နေ့အထိ အူအတက်ပေါက်၍ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး လောက်ကိုင်မြို့သို့ (၄-၂-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခဲ့ကာ (၉-၂-၂၀၂၀) ရက်နေ့မှ စ၍ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခွဲစိတ်ထားသော ချုပ်ရိုး နေရာမှ ပြည်များစိမ့်ထွက်ခြင်း စသည့် ခွဲစိတ်မှု၏ နောက်ဆက်တွဲပြဿနာများဖြင့် (၁၃-၂-၂၀၂၀) ရက်နေ့တွင် လားရှိုးပြည်သူ့ဆေးရုံကြီး သို့ ပြသ၍ ကုသမှုခံယူခဲ့ပါသည်။ လူနာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် ခဲ့သည့် ခရီးသွားရာဇဝင်ရှိခြင်းနှင့် ကိုယ်အပူချိန်မြင့်တက်နေခြင်းတို့ကြောင့် လက်ရှိအခြေအနေအရ ခွဲစိတ်မှု၏ နောက်ဆက်တွဲ ပိုးဝင်ခြင်းဖြစ်နိုင်သော်လည်း ပိုမိုသေချာမှုရှိစေရန် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပါသည်။ လူနာထံမှဓါတ်ခွဲနမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါလူနာတွင် လတ်တလော စစ်ဆေးချက်များအရ အခြားပြင်းထန် အသက်ရှူလမ်းကြောင်း ဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။
၃။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရွှေလီမြို့မှ (၁၂-၂-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့သို့ရောက်ရှိ ခဲ့ပြီး (၁၃-၂-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။ လူနာထံမှ ဓာတ်ခွဲ နမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ လူနာအား လတ်တလော စစ်ဆေးချက်များအရ အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။
၄။ ယနေ့ (၁၃-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ လူနာ (၁၈) ဉီးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများကို စောင့်ဆိုင်းနေဆဲဖြစ်ပြီးရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။
Ref; Ministry of Health and Sports, Myanmar