ဝါးခယ်မ ၁၃ ဖေဖော်ဝါရီ
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဝါးခယ်မမြို့နယ် အ.ထ.က (ခွဲ) အ.လ.က (၁) ကျောင်း၌ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ၊ ရဲဘော်သုံးကျိပ်နှင့် တပ်မတော်သားဘဝ၊ နိုင်ငံရေးသမားဘဝ၊ မိသားစုဘဝနှင့် နိုင်ငံခြားခရီးစဉ် ဓာတ်ပုံများအပြင် မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဖွဲ့ဆိုထားသည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ သိရှိမှတ်သားနိုင်စေရန် စာရေးဆရာ တင်မောင်မောင်(ပေါက်ကုန်း)က ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝ ကလေးအရွယ်မှစ၍ လွတ်လပ်ရေးရယူရန် ကြိုးပမ်းဆောင်ရွက်မှုများအား အကျယ်တဝင့် ဟောပြောပေးသည်။
အဆိုပါ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲအား နှစ်ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)