နေပြည်တော် ၁၃ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးပြီး ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြည်နယ်နှင့် တိုင်းများမှ သွေးသစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ထိုမှတစ်ဆင့် လက်ရွေးစင်၊ နိုင်ငံကိုယ်စားပြုကစားသမားများ ထွက်ပေါ်စေလိုကြောင်း၊ ပြိုင်ပွဲများ ပြုလုပ်ရာတွင် ကျစ်ကျစ်လစ်လစ်ဖြင့် ငွေကုန်ကြေးကျနည်းပါးစွာဖြင့် အောင်မြင်နိုင်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် အဖွဲ့ချုပ်များမှ စီမံချက်များရေးဆွဲ၍ အကြံပေးစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် training Center များနှင့်ရေကူးအားကစားရုံများ အနီးတွင် အားကစား သမားများ နေထိုင်သွားလာမှု အဆင်ပြေစေရန် အဆောက်အဦးများ ဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများ စိတ်ဝင်စားလာစေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် အားကစားကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်စေလိုကြောင်း၊ နွေရာသီသင်တန်း၊ ဆောင်းရာသီသင်တန်း၊ ကျောင်းသားအားကစားပြိုင်ပွဲများသည် လွန်စွာအကျိုးရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းသည် ရည်မှန်းထားသည့် အရည်အသွေးများရှိသည့် အားကစားသမားများ ပေါ်ထွက်လာစေရေးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုစီမှ အားကစားနည်းအလိုက် အရည်အချင်း (Talent) ရှိသည့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး စီပေါ်ထွက်လာနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်းစေလိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများတွင်လည်း အရည်အချင်းပြည့်ဝသည့် နည်းပြများကိုလည်း ထောက်ပံ့ပေး သွားမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်ဟောင်း အားကစားသမား ဟောင်းများကိုလည်း လက်တွဲခေါ်ဆောင်ကြရန် ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အားကစားပြက္ခဒိန်ရေးဆွဲခြင်းနှင့် ပတ်သက်၍ ၂၀၂၀-၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် မေလမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အားကစားနည်း (၂၈)နည်း၊ ပြိုင်ပွဲ(၃၂)ပွဲဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများ ကျင်းပရန် စီစဉ်ထားရှိမှုကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီး ဌာနများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် တင်ပြဆွေးနွေးသည်။
ထို့နောက် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုတင်ပြကြသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ နိဂုံးချုပ် အမှာစကားပြောကြားသည်။
သတင်းစဉ်