ရန်ကုန် ၁၃ ဖေဖော်ဝါရီ

 

လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေသဘောထားကို ကလေးငယ်များ အတုယူနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောပြသည့် ဗိုလ်ချုပ်အောင်ဆန်း အစီအစဉ် ဗီဒီယိုမှတ်တမ်းကို ပြသပြီး ကျောင်းသား၊ ကျောင်းသူလေးများက အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦး(Dr.Bio) က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းကြောင်းများနှင့် အမှတ်တရ အကြောင်းအရာများကို ကလေးငယ်များသိရှိစေရန် ဉာဏ်စမ်းမေးမြန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသည့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို ကျင်းပပြီး တာဝန်ရှိသူတို့က ကလေးငယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကာ စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံသည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ်မှု၊ ရဲရင့်မှု၊ သစ္စာရှိမှု စသည့် စိတ်နေသဘောထားများကို ကလေးငယ်များ အတုယူနိုင်စေရန်နှင့် ကလေးငယ်များ ပျော်ရွှင်မှုရှိစေရန် ရည်ရွယ်ကာ အဆိုပါ အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

အလားတူ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမအနီးရှိ မဟာဗန္ဓုလပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ “ကလေးများနေ့ အခမ်းအနား”ကို ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့်အပြင် ရပ်ကွက်များအတွင်း၌လည်း အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူများက ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် စတုဒိသာ အလှူများ ပြုလုပ်ကြကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး