နေပြည်တော် ၁၃ ဖေဖော်ဝါရီ

 

ယနေ့ကျရောက်သည့် ပြည်ထောင်စု၏ဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပြခန်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက နေပြည်တော် သပြေကုန်းအဝိုင်း ဗိုလ်ချုပ်ကြေးရုပ်တုအနီးတွင် ဖွင့်လှစ်ပြသထားရာ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

 

အဆိုပါပြခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ၊ ရဲဘော်သုံးကျိပ်နှင့် တပ်မတော်သားဘဝ၊ နိုင်ငံရေးသမားဘဝ၊ မိသားစုဘဝနှင့် နိုင်ငံခြားခရီးစဉ် မှတ်တမ်းဓာတ်ပုံများအပြင် ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဖွဲ့ဆိုထားသည့် ကဗျာအပါအဝင် စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသထားသည်။

 

mdn

 

အထိမ်းအမှတ်ပြခန်း ဖွင့်လှစ်ပြသရခြင်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က “ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်က ပြန်ကြားပေးရန်၊ ပညာပေးရန်နဲ့ ဖျော်ဖြေပေးရန်ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်အတိုင်း အခုပြခန်းမှာ ပေးစွမ်းနိုင်အောင် ကြိုးစားထားပါတယ်။ အဓိကက မြန်မာနိုင်ငံရဲ့ ဓာတ်ပုံကဏ္ဍမြှင့်တင် ပေးနိုင်ဖို့အတွက်လည်း တစ်စိတ်တစ်ပိုင်းပါပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာလဲ တစ်နှစ်ကို နှစ်ကြိမ် ဓာတ်ပုံ ပြိုင်ပွဲတွေလုပ်ပေးပြီး ဆုချီးမြှင့်ပေးပါတယ်။ ဒီနေ့ကတော့ အားလုံးသိတဲ့အတိုင်း ဗိုလ်ချုပ်မွေးနေ့နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်တယ်။ ဒါနဲ့ တစ်ပြိုင်တည်း ဆက်စပ်ပြီး နေပြည်တော်ကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပူးပေါင်းပြီးတော့ အခုပြခန်းကို ပြသထားခြင်း ဖြစ်ပါတယ်” ဟုပြောသည်။

 

mdn

 

ဆက်လက်၍ ၎င်းက “အခုပြခန်းမှာ ခေါင်းစဉ်အကြောင်းအရာ(၁၁)ခု၊ ကဏ္ဍ(၁၁)ခုခွဲထားပါတယ်။ အဲဒါတွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘဝ၊ နိုင်ငံရေးသမားဘဝ၊ ရဲဘော် သုံးကျိပ်ဘဝ၊ စစ်မှုထမ်းဘဝ၊ နိုင်ငံရေးသမားဘဝ၊ မိသားစုဘဝ၊ အဲ့ဒါမျိုးတွေအပြင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေထဲကနေ (၁၈)ခုလောက် ထုတ်နုတ်ပြီး ဖော်ပြထားပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားထားတဲ့ ဆောင်းပါးတို့၊ ကဗျာတို့ကိုလည်း ပြသထားပါတယ်” ဟုပြောသည်။

 

mdn

 

ထို့ပြင် ၎င်းက “အဓိကကတော့ ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကို ကလေးများနေ့လို့ သတ်မှတ်ထားတယ်။ ဒီနေ့ကို ကျွန်တော်တို့က အာဇာနည်နေ့နဲ့ item ကွဲအောင်လုပ်ထားတယ်။ အထူးသဖြင့် ကလေးများနေ့ဖြစ်တဲ့အတွက် ကလေးတွေ အားကျအောင် ရည်ရွယ်ပါတယ်။ ဒီမှာ ကဗျာရွေးတာကအစ တမ်းတမ်းတတဆိုတာ မျိုးထက်ပိုပြီးတော့ တမ်းတတာလဲပါမယ် ဒီထက်ပိုပြီး ထိရောက်နိုင်တဲ့ အားကျဂုဏ်ယူကြမယ့် ကဗျာမျိုး၊ ဆောင်းပါးမျိုးတွေကို ပိုပြီးဦးစားပေးထားပါတယ်။ အဓိကကတော့ ဗိုလ်ချုပ်မွေးနေ့မှာ ပြည်သူတွေက ဗိုလ်ချုပ်ကို အမှတ်တရနဲ့ ချစ်ပြီးတော့ ဗိုလ်ချုပ်ကဲ့သို့ လူရည်လူချွန်၊ လူတော် လူကောင်းတွေ များများပေါ်ထွန်းလာဖို့ ရည်မှန်းပြီး ဖွင့်လှစ်ပြသရခြင်းဖြစ်ပါတယ်။

 

mdn

 

“ဒီနေရာမှာအပြင် ဒီနေ့ MICC-2 မှာလည်း ဗိုလ်ချုပ်မွေးနေ့နဲ့ ပတ်သက်ပြီး ပြပွဲပြိုင်ပွဲတွေနဲ့ ဆုချီးမြင့်ပွဲလည်းကျင်းပဖို့ ရှိပါတယ်။ အဲဒီမှာလည်း ဒီမှာနည်းတူ ဗိုလ်ချုပ်အောင်ဆန်း ပြခန်းတွေဖွင့်ထားပါတယ်။ ဓာတ်ပုံပေါင်း ၈၀ နီးပါးရွေးထားတာပါ။ အဲဒီထဲကနေ ၇၃ ပုံလောက်ကို ပြဖို့လုပ်ထားပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းကောက်နုတ်ချက် ၁၈ ခုရွေးထားတာကနေ ၁၇ ခုလောက် ပြသထားပါတယ်။ ကဗျာက ၆ ပုဒ်လောက်နဲ့ ဆောင်းပါးက ၃ ပုဒ်လောက် ပြသထားပါတယ်။ ကဏ္ဍအနေနဲ့က ၁၁ ခုနဲ့ မော်ကွန်းတိုက်ဦးစီးဌာနကလဲ တစ်ခန်းပြသထားပါတယ်။ MICC-2 မှာ ပြခန်းစုစုပေါင်း ၁၂ ခန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို ပုံကြီးချဲ့ပြီးပြသထားပါတယ်” ဟုပြောသည်။

 

သပြေကုန်းအဝိုင်းအနီး ဗိုလ်ချုပ်ဆောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပြခန်းကို ဖေဖော်ဝါရီ ၁၄ ရက်ထိ ပြသသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

 

ဂျိုင်းလော