မင်းဘူး ၁၄ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အမှတ်(၂) နယ်မြေ ကျောက်တံခါးရပ်ကွက်တွင် အရည်အသွေး ကောင်းအုတ်များ ထုတ်လုပ်ရောင်းချလျက်ရှိပြီး အုတ်လုပ်ငန်း လုပ်ကိုင်နေသူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
အဆိုပါ အုတ်များကို ပုံစံခွက်ထဲ ထည့်ရိုက်လှီးဖြတ်ကာ နေလှန်းသည့် နေရာသို့ လက်တွန်းလှည်းဖြင့် ပို့ပေးရသည်။ ပုံစံခွက်ထဲ ထည့်ရိုက်မည့် မြေများကို ကားတစ်စီးလျှင် ငွေတစ်သောင်းကျပ် ပေးဝယ်ရပြီး စုဆောင်းထားရကြောင်း၊ စုဆောင်းထားသည့် မြေများမှ အုတ်လုပ်ဖို့ လိုသလောက် မြေများကို ရေဖြန်းပြီး နှပ်ပေးထားရသည်။ အုတ်များအား အလျား ၉ လက်မ၊ အနံ ၃ လက်မ တစ်မျိုးတည်းသာ ထုတ်လုပ်ရောင်းချကြောင်း သိရသည်။ ၅ ရက်ခန့် နေလှန်းပြီးမှ မီးဖုတ်ကာ ရောင်းချကြောင်း၊ အုတ်ခဲတစ်လုံး အုတ်ကျင်းသို့ လာဝယ်လျှင် (၆၅) ကျပ်နှုန်း၊ အိမ်တိုင်ရာရောက် ကားဖြင့် ပို့လျှင် (၁၀ဝ) ကျပ်နှုန်း ရောင်းချကြောင်း သိရသည်။ အဆိုပါ အုတ်လုပ်ငန်းတွင် အလုပ်သမား အယောက် ၃၀ ခန့်ရှိပြီး တစ်နေ့လျှင် အုတ်အရေအတွက် တစ်သောင်းကျော် ထုတ်လုပ်နိုင်ကြောင်း သိရသည်။
လုပ်အားခအနေဖြင့် အုတ်ခဲတစ်လုံးလျှင် ၁၈ ကျပ် ပေးရကာ အုတ်အရေအတွက်ပေါ် မူတည်ပြီး လုပ်အားခ ရှင်းပေးရသဖြင့် ရပ်ကွက်အနီးနားရှိ ဒေသခံများ အလုပ်အကိုင် ပေးထားနိုင်ပြီး ဝင်ငွေ ရရှိကြောင်းနှင့် မိမိလုပ်ငန်းလည်း အဆင်ပြေလျက်ရှိကြောင်း အုတ်လုပ်ငန်း လုပ်ကိုင်သူ ဦးသက်ထွန်းထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)


