ကန်ပက်လက် ၁၄ ဖေဖော်ဝါရီ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ခေါက်ပုံကျင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ထောက်ပံ့ရန်ပုံငွေ၊ လွှတ်တော်ရန် ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ခေါက်ပုံကျင်း ကျေးရွာကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးနေပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက သိရသည်။
“ ကျွန်တော်တို့ ကန်ပက်လက်မြို့နယ်ဟာ တောင်ပေါ်ဒေသဖြစ်တာကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာတွေဟာ လမ်းပန်း ဆက်သွယ်ရေးသွားလာရခက်ခဲ့ကြောင်း၊ အဆိုပါ ခေါက်ပုံကျင်း ကျေးရွာကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးပါက အဲဒီကျေးရွာအနီးမှာရှိတဲ့ စပ်စံကျင်းကျေးရွာ၊ အုံကျေးရွာ၊ အောက်ကန်ကျေးရွာ၊ ငအော်ကျင်းကျေးရွာရှိ အိမ်ခြေ (၉၂)အိမ်၊ လူဦးရေ (၅၇၁)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများအတွက် အကျိုးပြုမည်ဖြစ်ကြောင်း၊” ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ် ကပြောပြ၍ သိရသည်။
အဆိုပါ ကြိုးတံတား အရှည် ၄၀ဝ ပေ၊ အကျယ် ၄ ဒသမ ၅ ပေ၊ အမြင့် ၃၀ ပေ တည်ဆောက်ခြင်း လုပ်ငန်းကို ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)၊ လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း (၄၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၅၀)တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်


