ကျိုက်မရော ၁၄ ဖေဖော်ဝါရီ
ကျိူက်မရောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက်ကြိုတင် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက သဃ်န်းချောင်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာကျော်ဝင်းဇော်က ကိုရိုနာဗိုင်းရပ်စ် ရောဂါ၏ လက္ခဏာများ၊ဆောင်ရန်ရှောင်ရန်များကို ပညာပေးဟောပြောရာ ယခုရောဂါသည် လေထဲမှတစ်ဆင့် ကူးစက်မှုအရမ်းမြန်သည့်အတွက် လူထူထပ်ရာနေရာများသို့ သွားလာမှုများရှောင်ကြရန်၊ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန်နှင့် လူတိုင်းလက်ကို မကြာခဏ စင်ကြယ်အောင် ဆေးကြောကြဖို့ လိုကြောင်း၊ ရောဂါကာကွယ်နိုင်ရန် ကိုယ်ခံအားကောင်းဖို့လိုအပ်ကြောင်း အာဟာရဖြစ်စေမည့် အစားအစာများ စားသုံးရန်နှင့် ကိုယ်ပူပြီးဖျားကာ ချောင်းဆိုးအသက်ရှူကြပ်သောလက္ခဏာများပေါ်လာပါက ဆေးရုံသို့ အမြန်ဆုံး လာရောက်ကုသရန် လိုအပ်ကြောင်းပညာပေးဟောပြောခဲ့သည်။
ထို့နောက် သွားဘက်ဆိုင်ရာ ဆရာဝန်ဒေါ်ပြည့်ဖြိုးလှိုင်က သွား၊ ခံတွင်းနှင့်ပတ်သက်သော ရောဂါများအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် ဟောပြောပွဲတက်ရောက်လာသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်ထံမှ သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော)