မြိတ် ၁၄ ဖေဖော်ဝါရီ
စက်ရုံအလုပ်ရုံများတွင် မီးလောင်မှုဖြစ်ပွားပါက စက်ရုံအလုပ်ရုံရှိ လုပ်သားများမှ စက်ရုံရှိ မီးငြှိမ်းသတ် ပစ္စည်းများဖြင့် ကနဦးငြှိမ်းသတ်နိုင်ရေး၊ မီးသတ်ဦးစီးဌာနနှင့်ပူးတွဲဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်း/အက်ဒမန်ကုမ္ပဏီလီမိတက်တွင် ဖေဖော်ဝါရီလ(၁၄)ရက် နံနက်(၉) နာရီက မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးလောင်မှုဖြစ်ပွားနေရာအား Alam Bell အချက်ပေးကြေညာခြင်း၊ မီးသတ်စခန်းသို့ အကြောင်းကြားခြင်း၊ မီးလောင်မှုဖြစ်စဉ်အား စက်ရုံသီးသန့်မီးသတ်တပ်ဖွဲ့နှင့် စက်ရုံလုပ်သားများမှ မီးသတ်ဆေးဘူးနှင့် Hose Reel ရေပိုက်များဖြင့် ကနဦးငြှိမ်းသတ်ခြင်း၊ မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ရောက်ရှိနေရာယူ၍ လှေခါးထောင်ငြှိမ်းသတ်ခြင်း၊ စက်ရုံရှိမီးသတ်ရေငုတ်များဖြင့် မီးသတ်ယာဉ်အား ရေပေးဝေခြင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့မှ စက်ရုံအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ခြင်း၊ ဒဏ်ရာရရှိသူအား ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်း၊ လူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ခြင်း ဇာတ်တိုက်လေ့ကျင့်ကြသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စက်ရုံသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စက်ရုံ ဝန်ထမ်းများ စုပေါင်း၍ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ လူနာတင်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး စုစုပေါင်း(၆)စီးဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် စက်ရုံအစည်းအဝေးခန်းမ၌ ဇာတ်တိုက်လေ့ကျင့်မှု အားသာချက် အားနည်းချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)