ရန်ကုန် ၁၄ ဖေဖော်ဝါရီ
စာရေးဆရာမ ခက်မာ၏ “ကျမဘေးကလူ ဘယ်သူလဲ” စာအုပ်သစ် မိတ်ဆက်ပွဲနှင့် လက်မှတ်ရေးထိုးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
စာအုပ်သစ် မိတ်ဆက်ပွဲတွင် ဆရာမ ဂျူး၊ ဆရာမ ရာသက်ပန် (တောင်ငူဆောင်) နှင့် ဆရာမ ဖြူမွန်တို့က အမှတ်တရစကားများ ပြောကြားပြီး ဆရာမ ခက်မာက နှုတ်ခွန်း ဆက်စကားပြောကြားသည်။
စာရေးဆရာမ ခက်မာသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ လုံးချင်းဝတ္တု၊ အက်ဆေး၊ ဆောင်းပါး၊ ကဗျာ၊ စာပေမျိုးစုံရေးသားခဲ့ပြီး ဝတ္ထုတိုရေးသူအဖြစ် လူသိများသည်။ ယခု မိတ်ဆက်သည့် “ကျမဘေးကလူ ဘယ်သူလဲ” ဝတ္ထုသည် ပင်ကိုရေးဝတ္ထုဖြစ်သည်။
ဆရာမ ခက်မာသည် အင်္ဂလိပ်၊ ဂျပန်၊ စပိန် ဘာသာပြန် စာပေများရေးသားခဲ့ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆွတ်ဇိုင်၏ ဘ၀ဇာတ်ကြောင်းကို ရေးသား ထုတ်ဝေခဲ့သော “ကျွန်မ မာလာလာ” ဘာသာပြန် စာအုပ်သည် ရောင်းအားကောင်းသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။ ဆရာမ ခက်မာသည် လက်ရှိတွင် လွတ်လပ်သည် အာရှအသံ (Radio Free Asia) တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်းသိရသည်။
“ကျမဘေးကလူ ဘယ်သူလဲ” ဝတ္ထုစာအုပ်ကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်လမ်းမများ စာပေမှထုတ်ဝေဖြန့်ချိပြီး တန်ဖိုးမှာငွေကျပ် သုံးထောင် ဖြစ်သည်။
သတင်းစဉ်