ရန်ကုန် ၁၄  ဖေဖော်ဝါရီ

 

ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောများဖြင့် အပန်းဖြေ စီးနင်းကြသူများပြားခြင်းကြောင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာန)မှ မြစ်တွင်း အပျော်စီးရေယာဉ် ပထမဦးဆုံးခရီးစဉ် အဖြစ် Tayza River Cruise (တေဇ) အပျော်စီးရေယာဉ်ကို   ယနေ့ ည ၅ နာရီက ဗိုလ်တထောင် အမှတ်၅ တံတားတွင် စတင်ဖွင့်လှစ်ပြေးဆွဲခဲ့သည်။

           

“ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ မိဘပြည်သူများနှင့် ခရီးသွား ဧည့်သည်များအား ဝန်ဆောင်မှုပေးနိုင်ရေး၊ အများပြည်သူစိတ်ပန်းပြေစေရေးအတွက် ရည်ရွယ်၍ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောများကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်နိုင်ခွင့် စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ မြစ်အတွင်းမှာ အပျော်စီး သင်္ဘောများဖြင့် အပန်းဖြေစီးနင်းသူ များပြားလာတယ်၊ အပန်းဖြေစီးနင်းကြသူ များပြားခြင်းကြောင့် ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု  ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ် ဌာနခွဲ) မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့် က ပြောကြားခဲ့သည်။

 

4

           

စီးပွားရေးမြို့တော် ရန်ကုန်မြို့ပြ၏ လူဦးရေ တစ်နေ့တစ်ခြားများပြားလာသည်နှင့်အမျှ လူနေထိုင်မှု ကျပ်တည်းခြင်း၊ မြို့တွင်းအပန်းဖြေသွားလာရာတွင် မော်တော်ယာဉ်များပြားခြင်းကြောင့် မွန်းကျပ်မှုများစွာ နေ့စဉ်ကြုံတွေ့ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ မွန်းကျပ်မှုမှ အထိုက်အလျှောက် ဖြေလျှော့စေနိုင်ပြီး သန့်ရှင်း လတ်ဆတ်သော လေကို ရှူရှိုက်ရင်း ရန်ကုန်မြစ်ပြင်အလှနှင့် ရန်ကုန်မြို့၏ နေဝင်ဆည်းဆာ ရှုခင်းအလှကို ကြည့်ရှုခံစားနိုင်သည့် ပြည်တွင်းခရီးသွားကဏ္ဍပိုမိုမြင့်မားစေသော မြစ်တွင်းသွား အပျော်စီးသင်္ဘောများဖြင့် မိဘပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ အပန်းဖြေစီးနင်းနိုင်ပြီးဖြစ်ရာ ရန်ကုန်မြို့ရှိ နေထိုင်မှုအဆင့်အတန်းများ ပိုမိုခေတ်မီ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

 

“ ကျွန်တော်တို့ ရန်ကုန်မြစ်တွင်းမှာပဲ အပျော်စီးသင်္ဘော စုစုပေါင်း(၂)စီးနဲ့ မိဘပြည်သူများကို ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်၊ လတ်တလောအနေနဲ့ တိုးပွားအပျော်စီးရေယာဉ်မှာ ဒေါက်တင်ပြီး အဆင့်မြင့်တင် မွမ်းမံလျှက်ရှိလို့ တေဇရေယာဉ်တစ်စီးနဲ့ အပျော်စီးခရီးစဉ်အဖြစ် ပေးဆွဲပေးလျှက်ရှိပါတယ်၊ အများပြည်သူ စိတ်ပန်းပြေစေဖို့အတွက် ရည်ရွယ်ပြီးတော့ ရေယာဉ်တွေကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ဒဂုံသင်္ဘောကျင်းမှာ ဒေါက်တင် ပြန်လည်ပြင်ဆင်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်း လုပ်ကိုင်ခွင့်ပြုထားတယ်၊ ဌာနအနေနဲ့ အစိုးရပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Tayza River Cruise အပျော်စီး (တေဇ)ရေယာဉ် တစ်စီးနဲ့ လက်ရှိမှာ ပြေးဆွဲပေးသွားမှာဖြစ်တယ်၊ နောက်ပိုင်း တိုးချဲ့ပြီး ပြေးဆွဲသွားဖို့ အစီအစဉ်ရှိပါတယ်၊ ဒီလို ခရီးစဉ်တွေ ပြေးဆွဲခြင်းကြောင့် ဌာနအနေနှင့် ဝင်ငွေပိုပြီးရရှိမှာဖြစ်ပြီး ပြည်တွင်း ခရီးသွားကဏ္ဍ ပိုမိုတိုးတက် ကောင်းမွန်လာမှာဖြစ်ပါတယ်၊ ရန်ကုန်မြို့မှာ အပျော်စီးသင်္ဘောများနဲ့ အပန်းဖြေနိုင်တဲ့ အခြေအနေကို ကြည့်ရင် ဟိုယခင်ကထက် အရမ်းခေတ်မီ ဖွံ့ဖြိုးတိုးတက်လာတာကို မြင်တွေ့နေပြီးဖြစ်ပါတယ် ” ဟု ဆက်လက်ပြောကြားခဲ့သည်။

 

ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောများဖြင့် မိဘပြည်သူများကို ဝန်ဆောင်မှုပေးလျက်ရှိသော ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုထားသည့် Royal Green River Cruise ၊ Yangon River Cruise & Dining-YRC ၊ Royal Green River Prince နှင့် အစိုးရပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် Tayza River Cruise စုစုပေါင်း အပျော်စီးရေယာဉ်(၄)စီး တို့ဖြင့် မိဘပြည်သူများနှင့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ Tayza River Cruise အပျော်စီးသင်္ဘော အနေဖြင့် ရန်ကုန်မြစ်အတွင်း အပန်းဖြေနိုင်ရန် ဗိုလ်တထောင်ဆိပ်ကမ်း အမှတ်(၅)တံတား မှ စတင်ထွက်ခွာပြီး ရန်ကုန်မြစ်တစ်လျှောက် ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်း ပေါင်းဆုံရာ မြစ်သုံးခွ အကျော် မောင်းနှင်ပြီး ထိုမှတစ်ဆင့် ပန်းဆိုးတန်း၊ လသာ၊ မော်တင်ဆိပ်ကမ်း၊ အလုံ MIP ဆိပ်ကမ်း တစ်လျှောက် မောင်းနှင်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

56

 

မိသားစု အပန်းဖြေ အပျော်ခရီးစဉ်အဖြစ် တွံတေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဆုတောင်းပြည့် ရွှေဆံတော်စေတီ၊ မောင်းတီးစေတီနှင့် အိုးလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများကို လည်ပတ်လေ့လာနိုင်မည့် ရေယာဉ်စီးလုံးငှား ဝန်ဆောင်မှုများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး မင်္ဂလာဧည့်ခံပွဲ၊ မွေးနေ့ပွဲနှင့် အခြား ပျော်ပွဲရွှင်ပွဲများကို တာဝန်ယူစီစဉ်ပြီး ကျင်းပနိုင်ကြောင်း သိရသည်။

 

ရန်ကုန်မြစ်အတွင်း Tayza River Cruise (တေဇ) အပျော်စီး ရေယာဉ်ဖြင့် မိဘပြည်သူများနှင့် ခရီးသွားဧည့်သည်များ အပန်းဖြေနိုင်ရေးအတွက် မြစ်အတွင်း (၁)နာရီ ငှားရမ်းပါက ငွေကျပ်(၂၄၅၇၀၀) ကျသင့်မှာဖြစ်ပြီး ကာရာအိုကေ တစ်နာရီ သီဆိုနိုင်ကြောင်း၊  တစ်နာရီ ထပ်တိုးငှားရမ်းပါက ငွေကျပ် ၅၀၀၀၀ ဖြင့်ထပ်မံ ငှားရမ်းနိုင်ကြောင်း ၊ မြစ်အတွင်း(၂)နာရီ ငှားရမ်းပါက ငွေကျပ် (၂၈၇၇၀၀) ကျသင့်မည်ဖြစ်ပြီး ကာရာအိုကေအား နှစ်နာရီ သီဆိုနိုင်ကြောင်း၊ မြစ်အတွင်း(၃)နာရီ ငှားရမ်းပါက ငွေကျပ် (၃၅၀၇၀၀) ဖြင့် ကျသင့်မည်ဖြစ်ပြီး ကာရာအိုကေအား (၄)နာရီ သီဆိုနိုင်မှာဖြစ်ပြီး မြစ်တွင်း(၃)နာရီပြေးဆွဲပေးမှာဖြစ်ကြောင်း၊ အပျော်စီးသင်္ဘော ငှားရမ်းအသုံးပြုရာတွင် အဆိုပါဈေးနှုန်းများသည် နိုင်ငံတော်အား ပေးဆောင်ရမည့် အခွန်များပါဝင်ပြီး ဖြစ်ကြောင်းသိရသည်။

 

ခရီးသွားပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်ရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းဖြင့် နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်လျက်ရှိရာ  ကုန်းလမ်း၊ လေကြောင်းလမ်း၊ ရထားလမ်း စသည့် သယ်ယူပို့ဆောင်မှု နည်းလမ်းများ မည်မျှပင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေကာမူ မြန်မာနိုင်ငံအနှံအပြားရှိ ရေယာဉ်များ သွားလာနိုင်သည့် မြစ်များ၊ ချောင်းများကြောင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်နိုင်သည့် ရေကြောင်း ပို့ဆောင်မှုလုပ်ငန်းများမှာ အထူးအရေးပါသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်လာသော ယနေ့ခေတ်တွင် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်သူများအား မြစ်အတွင်း အပန်းဖြေနိုင်သည့် အပျော်စီးသင်္ဘောများဖြင့် ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။         

                                                           

 သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)