ထန်တလန် ၁၄  ဖေဖော်ဝါရီ 

           

မြန်မာနိုင်ငံခရီးသွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးကျော်မျိုး၊ ဦးမြင့်ကြိုင် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြသည်။

           

ဒုတိယသမ္မတနှင့်အဖွဲ့အား ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် တာဝန်ရှိသူများက ကလေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

4

           

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး ချင်းပြည်နယ် ဖလမ်းမြို့၌ တည်ဆောက်နေသည့် ဆူရ်ဘုန်လေဆိပ် တည်ဆောက်ရေး စီမံကိန်းသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး က ဆူရ်ဘုန်လေဆိပ်တည် ဆောက်ရေးစီမံကိန်းခွင့်ပြုချက်ရရှိခဲ့မှု၊ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှု၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်းပြီးစီးမှု၊ လေကြောင်း လျှပ်စစ်နှင့်လေကြောင်း ဆက်သွယ်ရေးစက်ပစ္စည်း တပ်ဆင်ခြင်း ဆောင်ရွက်နေမှု၊ မြေတူးဖြတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ လေယာဉ်ပြေး လမ်းပေ (၆၀၀၀)အား ကျောက်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ကျောက်စီ မြေထိန်းနံရံများဆောင်ရွက်ပြီးစီးမှု၊ လေဆိပ်အဆောက်အဦ တည်ဆောက်ပြီးစီးမှု၊ လေကြောင်းထိန်း မျှော်စင်နှင့် မီးသတ်အဆောက်အဦ ဆောင်ရွက်ပြီးစီးမှု၊ ဆူရ်ဘုန် လေဆိပ်၌ တပ်ဆင်မည့် လေကြောင်းလမ်းညွှန်စက်နှင့် ဆက်သွယ်ရေး စက်ပစ္စည်းများ ရောက်ရှိမှုအခြေအနေ၊ မိုးလေဝသဆိုင်ရာအချက်အလက်များ အလိုလျောက်ပေးပို့ စက်ပစ္စည်းရောက်မှု၊ လေဆိပ်ပိုင်မြေအမည်ပေါက်ရရှိရေး ဆောင်ရွက်ပြီးစီးမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

           

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဆူရ်ဘုန်လေဆိပ်ပြီးစီးပါက ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

             

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက  တည်ဆောက်ရေး လုပ်ငန်းများ ကို အလေအလွင့်မဖြစ်စေရေးနှင့် အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး၊ တောင်ပေါ်လေယာဉ်ကွင်းဖြစ်သည့်အတွက် ရာသီဥတုမှတ်တမ်းများအား စနစ်တကျ ဆောင်ရွက်ထားရှိရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။

           

ထို့နောက် ဒုတိယသမ္မတသည် လေယာဉ်ပြေးလမ်းကျောက်ကတ္တရာခင်းခြင်း ဆောင်ရွက်ထားရှိမှု၊ ပြေးလမ်းအဆုံး၌  မြေသားလုပ်ငန်းဆောင်ရွက်နေမှုနှင့် လေဆိပ်အဆောက်အဦ တည်ဆောက်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ဆူရ်ဘုန် လေဆိပ် တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ အဓိက လေကြောင်း ဝင်ပေါက်ဖြစ်လာပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း လာရောက်လည်ပတ်နိုင်မည့်အပြင် ဒေသထွက်ကုန်များနှင့် တိုင်းရင်းသားများအနေဖြင့်  မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

7

           

အဆိုပါ လေဆိပ်သည် ချင်းပြည်နယ်အလယ်ပိုင်းတွင် တည်ရှိပြီး ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်နှင့် ရိဒ်ရေကန် စသည့်  ပြည်နယ်၏ မြို့ကြီးများနှင့် ခရီးသွားလည်ပတ်ရန်နေရာများကို အချိန်တိုအတွင်း လာရောက်လည် ပတ်နိုင်သည့်အပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လေဆိပ်များသို့ အချိန်တိုအတွင်း လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာကြရာ ထန်တလန်မြို့နယ် သိကီးရ်ကျေးရွာသို့ရောက်ရှိပြီး သိကီးရ် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ဓာတ်မှန်ခန်း၊ လူနာဆောင်၊ ခွဲစိတ်ခန်းနှင့် သားဖွားခန်း၊ ဆေးရုံ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုတို့ကိုအား လိုက်လံကြည့်ရှုသည်။

           

သိကီးရ်တိုက်နယ်ဆေးရုံမှာ အလျား ၁၄၁ ပေ၊ အနံ ၁၃၆ ပေ၊ RC ကွန်ကရစ် အမျိုးအစားဖြစ်ပြီး ဆေးရုံနှင့်အတူ ဆရာဝန်နေအိမ်၊ သူနာပြုနေအိမ်၊ ဝန်ထမ်းအိမ်ရာ တို့ကိုပါထည့်သွင်း၍ ဘဏ္ဍာငွေ ၁၃၆၅ ဒသမ ၄၅ သန်း အကုန်အကျခံ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

           

ထို့နောက် ဒုတိယသမ္မတသည် ပလက်၀မြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများအတွက် သိကီးရ်ကျေးရွာ၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နေအိမ်အလုံး(၂၀)နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ နေအိမ်အလုံး(၅၀) တည်ဆောက်နေမှုကို လိုက်လံ ကြည့်ရှုသည်။

 

သတင်းစဉ်