ရွှေဘို ၁၅ ဖေဖော်ဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အတွင်းရှိ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါသင်တန်းကျောင်းရှိ ကွန်ပျူတာသင်တန်းခန်းမ၊ ပန်းချီအရောင်းပြခန်း၊ အလှပြင်သင်တန်းခန်းမနှင့် အမျိုးသမီးငယ်များအား ပြုစုစောင့်ရှောက်ပေးမည့် အဆောက်အဦတို့ကို လိုက်လံကြည့်ရှုပြီး သင်တန်းကျောင်းအုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်း၌ ဆောင်ရွက်ပေးရန် စီစဉ်ထားသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂေဟာရန်ပုံငွေအဖြစ် ငွေကျပ် (၁၀)သိန်းကို ဂေဟာမှ ပန်းချီကားချပ် (၁၀)ချပ် ဝယ်ယူခြင်းဖြင့် လှူဒါန်းသည်။

 

ရွှေဘိုမြို့နယ်ရှိ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်းတွင် ရင်ခွင်မဲ့ကလေးငယ်များနှင့် မိဘမဲ့အမျိုးသမီးငယ်များအား စောင့်ရှောက်ပေးနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးငယ်များအား ပညာဆက်လက် သင်ကြားနိုင်ရေး၊ အမျိုးသမီးငယ်ရွယ်သူများအား အသက်မွေးသင်တန်းများကို လုပ်ငန်းကျွမ်းကျင်သည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သင်ကြားပေးနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်