ရန်ကုန် ၁၅ ဖေဖော်ဝါရီ
SME Development Bank မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် မာရသွန်အပြေးပြိုင်ပွဲ ၂၀၂၀ ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ပြိုင်ပွဲဝင် အားကစားသမား ၂၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှ တာ၀န်ရှိသူများက အလံဝှေ့ရမ်း၍ ကီလိုမီတာအလိုက် တာလွတ်ပေးခဲ့ရာ သု၀ဏ္ဏ ဘောလုံးအားကစားကွင်းရှေ့မှ စတင်ပြီး ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ အုပ်ပုံဆိပ်လမ်းဆုံအထိ လာရာလမ်းအတိုင်း ပြေးလမ်းခရီးအများဆုံး (၂၁)ကီလိုမီတာ၊ သု၀ဏ္ဏဘောလုံးအားကစားကွင်းရှေ့မှ သံသုမာလမ်း (ဂန္ဓမာလမ်းနှင့် သံသုမာလမ်းဆုံမှ လာရာလမ်းတိုင်း) ပြေးလမ်းခရီး (၁၁)ကီလိုမီတာနှင့် သု၀ဏ္ဏ ဘောလုံးအားကစားကွင်းရှေ့မှ ဝေဇယန္တာလမ်းနှင့် ကျော်သူလမ်းဆုံမှ လာရာလမ်းအတိုင်း ပြေးလမ်းခရီး (၅)ကီလိုမီတာရှိသည့် ပြိုင်ပွဲများဖြင့် သု၀ဏ္ဏဘောလုံးအားကစားကွင်းရှေ့သို့ ပြန်လည်ပန်း၀င်ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများအပြီး အမျိုးသား ၂၁ ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ၂၀ သိန်း၊ ဒုတိယ ငွေကျပ် ၁၅ သိန်း တတိယငွေကျပ် ၁၀ သိန်းနှင့် နှစ်သိမ့်ဆုများ၊ အမျိုးသမီး ပထမဆု ငွေကျပ်သိန်း ၂၀၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊ တတိယဆု ငွေကျပ် ၁၀ သိန်းနှင့် နှစ်သိမ့်ဆုများ၊ အမျိုးသား ၁၁ ကီလိုမီတာပြိုင်ပွဲတွင် ပထမ ၁၅ သိန်း၊ ဒုတိယ ၁၀ သိန်း၊ တတိယငါးသိန်းနှင့် နှစ်သိမ့်ဆုများ၊ အမျိုးသမီးပထမ ၁၅ သိန်း၊ ဒုတိယ ၁၀ သိန်း၊ တတိယ ငါးသိန်းနှင့် နှစ်သိမ့်ဆုများ၊ အမျိုးသား ၅ ကီလိုမီတာ ပြိုင်ပွဲတွင် ပထမဆု ၁၀ သိန်း၊ ဒုတိယ ငါးသိန်း၊ တတိယသုံးသိန်းနှင့် နှစ်သိမ့်ဆုများအား တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြည်တွင်းသာမက ပြည်ပမှ ပြိုင်ပွဲ၀င်အားကစားသမားများနှင့် ပြည်သူလူထု့တို့သည် အပြေးအားကစားမှတစ်ဆင့် ပိုမိုချစ်ကြည် ရင်းနှီးလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးစွာ ပါ၀င်ဆင်နွှဲနိုင်ခြင်း၊ မိသားစုများအနေဖြင့်လည်း အမှတ်တရ နေ့တစ်နေ့အဖြစ် ဖန်တီးနိုင်အောင် SME Bank Mini Marathon မာရသွန် အပြေးပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံအာကာစိုး