မြင်းခြံ ၁၅ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၆) ရပ်ကွက်၊ နယ်မြေ (၈) ရှိ တရုတ်နိုင်ငံမှ ပြန်လာသူများ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ယနေ့ညနေပိုင်းက Corona Virus Disease 2019 (COVID-19) အဆုတ်ရောင်ရောဂါ ကာကွယ်ရေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးမြင့်သူက လက်ဆေးနည်းအကြောင်း၊ မြင်းခြံမြို့နယ်တွင် တရုတ်နိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသူများကို မိမိတို့ပြည်သူ့ကျန်းမာရေးဌာနမှ အမြဲမပြတ် စောင့်ကြည့်ပေးနေကြောင်း၊ မိမိတို့မြို့နယ်တွင် တရုတ်နိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသူများ ရှိသည့်ရပ်ကွက်/ကျေးရွာ (၂၈) နေရာရှိပြီး လူဦးရေ (၂၁၂) ဦးရှိကြောင်း၊ ထိုသူများကိုလည်း (၁၄) ရက်တိတိစောင့်ကြည့်၍ လိုအပ်ပါက စစ်ဆေးပါကြောင်း၊ ယခုအချိန်ထိ အဆိုပါရောဂါ ဖြစ်ပွားသူမရှိသေးကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့ပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသူများရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အကြောင်းကြားပေးစေလိုကြောင်း၊ လူစည်ကားရာ နေရာများသို့ တတ်နိုင်သမျှ မသွားရောက်ရန်၊ မိမိတို့ကိုယ်တိုင်နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ ပြုလုပ်ပါက လက်ကိုင်ပုဝါဖြင့်အုပ်၍ ပြုလုပ်ရန်တို့ကို ဟောပြောခဲ့သည်။

ထိုသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Corona Virus Disease 2019 (COVID-19) အဆုတ်ရောင်ရောဂါ ကာကွယ်ရေး ဟောပြောပွဲများ ပြုလုပ်ပေးနေသည်မှာ ရပ်ကွက်ကျေးရွာ စုစုပေါင်း (၉၄) နေရာတွင် ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Corona Virus Disease 2019 (COVID-19) အဆုတ်ရောင်ရောဂါကာကွယ်ရေး ဟောပြောပွဲပြုလုပ်သည့် အမှတ် (၆) ရပ်ကွက်၊ နယ်မြေ(၈)တွင် တရုတ်နိုင်ငံ ရွှေလီမြို့မှ လွန်ခဲ့သော (၂၀၁၉) ခုနှစ် နိုဝင်ဘာလမှ ပြန်လာသူ (၂) ဦးနှင့် ယခုနှစ်ဇန်နဝါရီ (၁၈)ရက်က ပြန်လာသူ (၁)ဦးရှိပြီး ၎င်းတို့ကိုလည်း (၁၄)ရက်တိတိ စောင့်ကြည့်ပေးခဲ့ကြောင်းနှင့် ယခုကျန်းမာရေးအသိပညာများ လာရောက်ဟောပြောခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)