ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ခြင်းနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ ၌ ကျင်းပခဲ့သည်။
စင်စစ်အားဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အမိန့်ကြော်ငြာစာကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ကပင် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်း နေထိုင်ကြသည့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိမှုမရှိသေးသလို လိုက်နာမှုလည်း အားနည်းနေဆဲဖြစ်ရာ အသိပညာပေးမှုများ ထိထိရောက်ရောက် ပြုလုပ်ပေးရန် လိုအပ်နေသေးသည့် အခြေအနေပင်ဖြစ်သည်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာအရ ဆေးလိပ်သောက်ခွင့် မရှိသော နေရာများမှာ (က) ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ ပရိဝုဏ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အိမ်ခန်းများမှအပ ဆေးရုံအဆောက်အအုံ၊ ရုံးခန်းပရိဝုဏ်နှင့် ပရိဝုဏ်အတွင်းရှိ အခြား အဆောက်အအုံများ၊ (ခ) လေအေးပေးစက် တပ်ဆင်ထားသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အအေးဆိုင်များ၊ (ဂ) လေအေးပေးစက် တပ်ဆင်ထားသော စတိုးဆိုင်များ၊ ကုန်တိုက်များ၊ ကုန်ပဒေသာဆိုင်များနှင့် ကိုယ်ပိုင်ဈေးများ၊ (ဃ) ကုန်တိုက်၊ ကုန်ပဒေသာဆိုင်၊ စတိုးဆိုင်နှင့် အမိုးအကာရှိသည့် ဈေးများအတွင်းရှိ ဈေးရုံများ၊ (င) အမိုးအကာရှိသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အအေးဆိုင်များ၊ (စ) ကလေးကစားရုံနှင့် ကစားကွင်းများ၊ (ဆ) အများပြည်သူသုံး ခန်းမကြီးများ၊ (ဇ) ပုဂ္ဂလိက ကျောင်းပရိဝုဏ် အတွင်းရှိ ဝန်ထမ်းအိမ်ရာများနှင့် အိမ်ခန်းများမှအပ သင်ကြားရေး အဆောက်အအုံ၊ စာသင်ခန်း၊ ရုံးခန်းပရိဝုဏ်နှင့် ပရိဝုဏ်အတွင်းရှိ အခြား အဆောက်အအုံများ၊ (ဈ) ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း နှင့် သင်တန်းကျောင်းများ၏ သင်ကြားရေး အဆောက်အအုံနှင့် စာသင်ခန်းများ၊ (ည) ဧည့်ဂေဟာ၊ တည်းခိုရိပ်သာနှင့် ဘော်ဒါဆောင်တို့၏ အဆောက်အအုံများဖြစ်ရာ အနှစ်ချုပ်အားဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့်၊ အများပြည်သူဝင်ထွက်သွားလာနေသည့် နေရာများ အားလုံး အကျုံးဝင်သည်။
ဆေးလိပ်မီးခိုးငွေ့သည် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်း ၅၀ ကျော်အပါအဝင် ဓာတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော် ပါဝင်သည့်အတွက် ဆေးလိပ်သောက်သူကိုသာမက ပတ်ဝန်းကျင်တွင် ရှိနေပြီး သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရသည့်သူအတွက်ပါ အန္တရာယ်ကိုဖြစ်စေနိုင်သည်။ သို့အတွက် အများပြည်သူအား ဆေးလိပ်ငွေ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ရေးအတွက် ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ဖြစ်ပေါ်စေရန် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ် ရေးဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။
လက်ရှိအခြေအနေတွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ဈေးများ စသည့်နေရာများတွင် အများပြည်သူကြားထဲ ဆေးလိပ်သောက်သူများ အများအပြား ရှိနေကြဆဲဖြစ်သည်ကို အများအားဖြင့် တွေ့မြင်နေရပြီး ဆေးလိပ်မသောက်ရန် ကန့်သတ်တားမြစ်မှုများ အလျင်း မတွေ့ရသည့်အပြင် ဆေးလိပ်ကို အလွယ်တကူ ဝယ်ယူ ရရှိနေသည်ကိုလည်း တွေ့မြင်နေကြရသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ရာ ဥပဒေကို လေးစားလိုက်နာမှု နှင့် အကောင်အထည်ဖော်မှုတို့ အားနည်းနေဆဲဖြစ်သည်။ “ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကို မထိန်းချုပ်ပါက နောင်လာမည့် ငါးနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဘတ်ဂျက် ၅၀ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကင်ဆာ၊ နှလုံးရောဂါ၊ သွေးတိုးစသည့် ရောဂါပေါင်းများစွာကို ကုသရင်းဖြင့် ကုန်ဆုံးသွားမည်ဖြစ်ပါကြောင်း၊ ဆေးလိပ်သောက်သုံး ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောဂါအားလုံးသည် နာတာရှည်ရောဂါ ဖြစ်သည့်အတွက် တစ်သက်လုံး ခံစားသွားရမည်ဖြစ်ပြီး တစ်သက်လုံး ဆေးကုသမှု ခံယူသွားရမည်ဖြစ်ပါကြောင်း” ဟူသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်မှာလည်း အထူးအလေး ဂရုမူဖွယ်ပင်ဖြစ်သည်။ ။
ဆေးလိပ်သောက်သည့် အလေ့က ရောဂါများစွာကို မိမိ၏ခန္ဓာကိုယ်အတွင်း ရှူသွင်းနေခြင်းဖြစ်ကြောင်း ဆေးလိပ်သောက်သူတိုင်း သိကြသည်။ သို့ရာတွင် အစွဲအလမ်းကြောင့် မဖြတ်နိုင်ကြ။ မဖြစ်မနေ
နောက်ဆုံး အခြေအနေရောက်မှ ဖြတ်ကြရသည့်အခါ အချိန်နှောင်း ခဲ့ကြရပြီ။ မိမိကိုယ်တိုင် ရောဂါယူရုံသာမက သူတစ်ပါးကိုပါ ရောဂါအမျှတို့ ပေးဝေခဲ့ပြီးဖြစ်နေသည်ကို သတိမူကြလျက် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးသည့်အလေ့ကို ဝေးစွာရှောင်ကြဉ်နိုင် ကြပါစေကြောင်း ။ ။
မြန်မာ့အလင်း