မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာတွင် ဟံသာဝတီခေတ်၊ မုတ္တမခေတ် မုတ္တမ (၃၂) မြို့ စာရင်းဝင် ဒရယ်မြို့ဟောင်းနေရာမှ တူးဖော်ရရှိခဲ့သည့် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများကို ကိုယ်ပိုင်ရှေးဟောင်းပစ္စည်း ပြခန်းအဖြစ် ဒရယ်ကျေးရွာ ရပ်ကွက် (၆) အိမ်အမှတ် (၆၁) နေ ဦးသန်းထိုက်နေအိမ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်) မှ ခွင့်ပြုမိန့်ဖြင့် ပြည်သူအများ ကြည့်ရှုနိုင်ရန်အတွက် ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး ပြခန်း ဖွင့်လှစ်ထိန်းသိမ်းခွင့် ရခဲ့ကြောင်းသိရသည်။
“အရင်ကတော့ ပြခန်းပြမယ်ဆိုပြီး ရည်ရွယ်ချက်တော့ မရှိခဲ့ပါဘူး။ ဝါသနာအရ ၂၀၁၃ ခုနှစ်ကတည်းက စတင်ပြီး ရွာကတူးဖော်ရရှိတဲ့ ရှေးဟောင်းမြေအိုး၊ စဉ့်အိုးတွေကို လိုက်ရှာစုဆောင်းပြီး တဖြည်းဖြည်းနဲ့များလာတော့ သမိုင်းသုတေသနပညာရှင် ဦးစံဝင်းရဲ့ အကူအညီနဲ့ ယခုလို ထိန်းသိမ်းထားတဲ့ ပစ္စည်းတွေကို ပြခန်းအဖြစ် တင်ပြခွင့်ပြုချက်ယူပြီး ဖွင့်လှစ်နိုင်ခဲ့တာပါ” ဟု ရှေးဟောင်းပစ္စည်းများ စုဆောင်းသူ ဝါသနာရှင် ဦးသန်းထိုက်က ပြောသည်။
ကိုယ်ပိုင်ပြခန်းအတွက် ခွင့်ပြုမိန့်ရဖို့ တစ်လကျော်သာ ကြာခဲ့ပြီး ယခုချိန်တွင် ပြခန်းကိုဘယ်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတွေကို မြတ်နိုးသူများနှင့် နိုင်ငံခြားသားများ၊ ပြည်တွင်းပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့်၊ အခြား စိတ်ပါဝင်စားသူများလည်း ပြခန်းကို လာရောက် လေ့လာကြည့်ရှုနိုင်ကြောင်း ဆက်လက်ပြောပြသည်။
“အရင်တုန်းကဆိုရင် ဒရယ်မှာက တောင်ဘက်ကုန်း၊ မြောက်ဘက်ကုန်း၊ အရှေ့ဘက်ကုန်းတွေ ဆိုပြီးတော့ ကုန်းခုနစ်ကုန်းလောက်ရှိတယ်။ ကျုံးတွေ၊ စစ်ရေးပြကွင်းလို့ ယူဆရတာတွေလည်း အထင်အရှားတွေ့ရတယ်။
နောင်နှစ် ၅၀ လောက်ဆိုရင်တော့ အဲဒီနေရာက ဆက်လက် ထိန်းသိမ်းနိုင်ဖို့က မလွယ်ကူတော့ဘူး”ဟု ဒရယ်ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါပြခန်းတွင် မွန်ယဉ်ကျေးမှုထွန်းကားခဲ့သည့် မုတ္တမခေတ်အတွင်း မုတ္တမ(၃၂)မြို့ စာရင်းဝင် ဒရယ်မြို့ဟောင်းနေရာမှ တူးဖော်တွေ့ရှိခဲ့သော ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများဖြစ်သည့် ကျောက်လက်နက်၊ သံလက်နက်၊ စဉ့်အိုး၊ မြေအိုး၊ အုတ်ခွက်ဘုရား၊ ဟင်္သာ အလေး၊ မြေထည်ပစ္စည်းများ၊ အုတ်ခဲ၊ အိုးခြမ်းကွဲ၊ကြေးထည်၊ ငွေထည်၊ ဖန်ထည်၊ ယွန်းထည်ပစ္စည်းများ၊ မြန်မာ့မူရင်း မဟုတ်သော ကြွေထည်ပစ္စည်းများ စသည့် အမျိုးပေါင်း ၈၉ မျိုးနှင့် အရေအတွက် ၂၃၃ ခုကို ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းအဖြစ် စာရင်းသွင်း ပြသထားနိုင်ခဲ့ပြီး မွန်ပြည်နယ်တွင် ဒုတိယမြောက် အခမဲ့ ကိုယ်ပိုင်ပြခန်းဖြစ်ကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)