ကွမ်းခြံကုန်း ၁၆ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာ ပြန့်ပွားရေးတို့အတွက် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ခြင်းများကို ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ အခြေခံပညာကျောင်းများ၊ ပညာရေးဘော်ဒါဆောင်များတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက (LIKE) ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် မြို့မရပ်ကွက် ဓမ္မာရုံသို့ သွားရောက်၍ ကျန်းမာရေးကြီးကြပ်တစ်ဦးက အဆုတ်ရောင်ရောဂါ(၂၀၁၉-nCoV) အကြောင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ဝင်ရောက် ကူးစက်ပျံ့နှံ့နိုင်သဖြင့် လူထူထပ်သောနေရာများသို့ သွားလာလျှင် အကာအကွယ်အဖြစ် (Mask) တပ်ဆင်အသုံးပြုရန်နှင့် အသုံးပြုနည်းကို လက်တွေ့ပြသခြင်း၊ ရောဂါကာကွယ်နိုင်မည့် အခြားနည်းလမ်းများနှင့် မိမိတို့အနီးပတ်ဝန်းကျင်တွင် နိုင်ငံရပ်ခြားမှ ပြန်လာပြီး သံသယရှိသောရောဂါရှိသူများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားရန်တို့ကို ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် ရပ်ကွက်နေပြည်သူများ၊ ကျောင်းသူကျောင်းသားများက သိရှိလို၍ မေးမြန်းသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ဆရာမများက လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ရွှေခြံမြေ)