ဖယ်ခုံ ၁၆ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် (ရှမ်း/ကယားနယ်စပ်)ရှိ ဖယ်ခုံအင်းအတွင်း Lake Pekhon Houseboats Co.,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်သည့် အပျော်စီးလှေလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီက Bamboo House စားသောက်ဆိုင်(လဝှဲ)တွင် ကျင်းပသည်။

 

2506

 

အခမ်းအနားတွင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်တို့က အမှာစကားပြောကြားခဲ့ကြပြီး Lake Pekhon Houseboats Co.,Ltd မှ Managing Director ဦးအောင်ရဲကျော်က ရေယာဉ်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်၊ ကယားခရီးသွားဇုန်ဥက္ကဋ္ဌ လွိုင်ကော်အခြေစိုက် 9 Generation Force Trave & Tour ၏ Managing Director ၊ Lake Pekhon Houseboats Co.,Ltd မှ Director ဦးနေမိုးအောင်က ကျေးဇူးတင်စကား ပြောကြားသည်။

 

0251

 

ထို့နောက် အပျော်စီးလှေဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာသော ဧည့်သည်တော်များက အပျော်စီးရေယာဉ်များပေါ်သို့ တက်ရောက်ကြည့်ရှုလေ့လာကြပြီး အင်းရေပြင်အတွင်း စီးနင်းခဲ့ကြသည်။

အင်းရေပြင်အတွင်း Lake Pekhon Houseboats မှ အပျော်စီးရေယာဉ်များကို MVLPH Lity အမည်ဖြင့် အိပ်ခန်းသုံးခန်းပါ ခရီးသည် ခြောက်ဦးစီးရေယာဉ်နှင့် MVLPH Cherry အမည်ဖြင့် အိပ်ခန်းခြောက်ခန်းပါ ခရီးသည် ၁၅ ဦးစီး ရေယာဉ်နှစ်စီးဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

2530

 

Houseboats အပျော်စီးရေယာဉ်များကို White Swan Boating Co.,Ltd မှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ Lake Cruise ခရီးစဉ်များကို Lake Pekhon Houseboats က ပထမဆုံး ဖန်တီးဖော်ဆောင် ပြေးဆွဲခြင်းဖြစ်ကြောင်း Managing Director ထံမှ သိရှိရသည်။

မောင်မောင်ထွေး(ပြန်/ဆက်)