မင်းဘူး ၁၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ရှိ ကျေးရွာ ၇၂ ရွာကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀ စီဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးထံမှ သိရသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို မင်းဘူးခရိုင်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပံ့ပိုးငွေများပေးအပ်ခဲ့ပြီး ၎င်းစီမံကိန်းကို ကျေးရွာပြည်သူများမှ ရွေးချယ်တင်မြှောက်သော ကော်မတီဝင်များ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ စီမံကိန်းထောက်ပံ့ငွေနှင့် ကျေးရွာလူထုမှ ထည့်ဝင်ငွေများဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် မိမိတို့ကျေးရွာ၏ အဓိက ဆောင်ရွက်ရန်လိုအပ်သော လမ်းတံတား၊ ရေရရှိရေး၊ မီးလင်းရေးနှင့် ခန်းမဆောင် စသည့် လုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ထည့်သွင်းကာ လုပ်ငန်းစီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ရသည့် စီမံကိန်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း လိုအပ်သော နည်းပညာအထောက်အပံ့များကို ကြီးကြပ်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မင်းဘူးခရိုင်၏ ယခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူများက ကျေးရွာ ၇၂ ရွာကို အတည်ပြုရွေးချယ်ခဲ့ပြီး ယခုဖော်ဆောင်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းအပြင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးပွားစေရန် အရင်းမပျောက် လည်ပတ်ရန်ပုံ ငွေကျပ် သိန်း ၃၀၀ စီ ထုတ်ပေးသည့် ကျေးရွာပေါင်း ၁၃ ရွာရှိကြောင်းလည်း သိရသည်။
သူရိန်(မင်းဘူး)