မယ်စဲ့   ၁၆  ဖေဖော်ဝါရီ

 

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကူးစက်ပြန့်ပွားမှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများက မယ်စဲ့ ဘီပီ(၁၃)ဂိတ်တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက မယ်စဲ့ဘီပီ(၁၃)ဂိတ်၌ ထိုင်းနိုင်ငံမှ ခရီးသွားများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးစစ်ဆေးခြင်း၊ အဖျားတိုင်းကိရိယာဖြင့် စစ်ဆေးတိုင်းတာခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်မှုမရှိစေဖို့ စစ်ဆေးဆောင်ရွက်နေပြီး မယ်စဲ့ဘီပီ(၁၃)ဂိတ်မှာ စစ်ဆေးဆောင်ရွက်ချက်အရ ယနေ့အထိ သံသယလူနာ မတွေ့ရှိရသေးကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းထံမှ သိရသည်။

 

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အားကစားနှင့် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသည့် အသိပညာပေး ဗီနိုင်းများကိုလည်း မြို့တွင်း လူစည်ကားရာနေရာများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှေ့ နံရံကပ် ပြဘုတ်တို့တွင် အသိပညာပေး ပြသထားလျက်ရှိသည်။

 

ဝတ်ရည်(ပြန်/ဆက်)