ရေစကြို ၁၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ကျောက်လှည်းဘီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်နှင့် အဖွဲ့သည် ကျောက်လှည်းဘီး ကျေးရွာရှိ ကျေးလက်ကုန်ထုတ်လမ်း အရှည်ပေ ၁ မိုင်၊ ၅ ဒသမ ၈ ဖာလုံအား လမ်းကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မ မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းများအား စစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာ ဦးသန်းနိုင်ဦး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၆၁ ဒသမ ၄၇ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဒေါနတံခွန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းပြီးစီးမှု ၈၅ ရာခိုင်နှုန်းခန့် ပြီးစီနေပြီဖြစ်သည်။
ကျေးလက်ကုန်ထုတ်လမ်း ပြီးစီးပါက ဒေသခံတောင်သူများအနေဖြင့် လယ်ယာသီးနှံစိုက်ပျိုးမှုများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မည့်အပြင် ထွက်ရှိလာသည့် ဒေသထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)