မိတ္ထိလာ  ၁၆  ဖေဖော်ဝါရီ

 

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို  ယနေ့ နံနက် ၉ နာရီက မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဂဠုံကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်း၏ စာရင်းဇယား ဖြည့်သွင်းထားရှိမှုများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်နှင့် ဝန်ထမ်းများက စစ်ဆေးခဲ့ကြသည်။

 

မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများအား တစ်ပိုင်တစ်နိုင် လုပ်ကိုင်ရာမှ စီးပွားဖြင့်လုပ်ကိုင်နိုင်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရန်အတွက်  မြို့နယ်အတွင်းရှိ သတ်မှတ်ချက်နှင့်ညီသည့် ကျေးရွာများကို ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀၀)ဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ထုတ်ချေးပေးလျက်ရှိရာ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၄၈)ရွာကို ထုတ်ချေးပေးနိုင်ခဲ့ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာ(၃)ရွာကို ထပ်မံထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)

 

a123